ကိုယ်ဝန်ဆောင်တဲ့ အခါ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေ လိုချင်တဲ့သူပိုများကြပါတယ်။ ဗိုက်လည်းတစ်ခါပဲအနာခံရတယ်၊ ကလေးက နှစ်ယောက်တောင်ရမှာ။ ပြီးတော့ အမြွှာလေးတွေဆိုတော့ ကလေးအချင်းချင်းလည်းကစားဖော်ကစားဖက်ရှိတော့ သူတို့လည်းမပျင်းရတော့ဘူးလေ။ နောက်ပိုင်းမှာကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေမွေးတာကလည်းပိုခေတ်စားလာတာဆိုတော့ အမြွှာလိုချင်တဲ့စုံတွဲတိုင်းဒါလေးတွေသိထားသင့်တယ်နော်။ ။
အမြွှာလေးမွေးမလားမမွေးဘူးလားဆိုတဲ့ အပေါ် ဘယ်လိုအချက်တွေကသက်ရောက်တာလဲ ။ ။
မျိုးရိုး
မျိုးရိုးထဲမှာ အမြွှာလေးမွေးထားတဲ့သူရှိတဲ့အခါ ကိုယ့်မှာလည်းအမြွှာလေးမွေးနိုင်ချေများပါတယ်။ အထူးသဖြင့် အမေဘက်ကအဒေါ်တွေ အဖွားတွေကအမြွှာလေးမွေးဖူးထားရင် ကိုယ်လည်းအမြွှာလေးတွေ မွေးနိုင်ချေရှိပါတယ်။
လူမျိုး
အနောက်တိုင်းသားတွေကအာရှသားတွေထက် အမြွှာလေးတွေ မွေးနိုင်ချေ ပိုများပါတယ်။ အနောက်နိုင်ငံသားတွေထဲကမှ လူမည်းတွေကလူဖြူတွေထက် အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ်။
ကလေးအများကြီးမွေးထားတဲ့အခါ
ရှေ့မှာကလေးတွေ အများကြီးမွေးထားတဲ့သူတွေကပိုပြီး အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ်။ ကလေး ရှစ် ယောက်လောက်မွေးပြီးတဲ့သူတွေကအမြွှာမွေးနိုင်ချေပိုများပါတယ်။
အသက်ကြီးတဲ့ အမျိုးသမီးတွေ
လေ့လာချက်တွေအရအသက် ၃၅ နှစ်ကျော်တဲ့အခါ တစ်လကို သားဥ နှစ်လုံးလောက်ကြွေတတ်တာကြောင့် ၃၅ နှစ်နောက်ပိုင်းကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေကအမြွှာမွေးနိုင်ချေပိုများတယ်လို့ဆိုပါတယ်။
ကိုယ်အလေးချိန်
BMI 25နဲ့ အထက်ဆိုရင် ဝနေတယ်လို့သတ်မှတ်ကြပြီး BMI 30 ကျော်နေပြီဆိုရင်တော့ အဝလွန် နေတယ်လို့ဆိုကြပါတယ်။ဒီလိုအဝလွန်တာမှာမကောင်းတာတွေများပေမယ့် အမြွှာကိုယ်ဝန်ဆောင်နိုင်ချေ အခြားသူတွေထက်ပိုများတယ်ဆိုတဲ့ ကောင်းတဲ့အချက် တစ်ချက်တော့ရှိပါသေးတယ်။ အထူးသဖြင့် non-identical twin ရုပ်ချင်းမတူတဲ့ အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ်။
အမြွှာရင်သွေးလေးလိုချင်တယ်ဆိုရင် ဘာတွေလုပ်လို့ရမလဲ။
စားသောက်မှု ပုံစံ
• ပရိုတင်းနဲ့ နို့ထွက်ပစ္စည်းတွေများများစားပေးရင် အမြွှာကိုယ်ဝန်ဆောင်နိုင်ရချေပိုများပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အသီးအရွက်တွေ အဆီနည်းတဲ့ အစားအစာတွေများများစားတဲ့သူတွေကအမြွှာကိုယ်ဝန်ရနိုင်ချေနည်းပါတယ်။
ဖြည့်စွက်ဆေးဝါးများ
• အားလုံးကြားဖူးကြမှာပါ။ အမြွှာကိုယ်ဝန်ဆောင်ချင်ရင် ဆေးတွေ သောက်လို့ရတယ်ဆိုတဲ့အကြောင်းကိုလေ။ ဒါမှန်ပါတယ်။
• အမြွှာလေးတွေ လိုချင်တဲ့သူတွေအတွက် အမျိုးသားဆီကသုက်ပိုးလေးတွေ အားကောင်းအောင်သန်စွမ်းအောင် ( ဒါမှမဟုတ်) အမျိုးသမီးဆီကမျိုးဥတစ်လုံးထက်ပိုကြွေအောင်လုပ်လို့ရတဲ့ ဆေးတွေရှိပါတယ်။
• ဒါပေမယ့် ဆေးတွေကိုကိုယ့်ဘာသာဝယ်သောက်တာထက်စာရင် ဆရာဝန်နဲ့တိုင်ပင်ပြီးကိုယ်နဲ့ တည့်မတည့် စမ်းသပ်ပြီးမှ သောက်တာကပိုစိတ်ချရမှာပါ။
ရင်သွေးတစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာအချိန်ခြားတာ
• ရင်သွေးတွေကိုအချိန်သိပ်မခြားဘဲမွေးတဲ့ အမျိုးသမီးတွေထက်စာရင် ရင်သွေးတစ်ယောက်နဲ့ တစ်ယောက်ကြားထဲ ၄ နှစ် ၅ နှစ်လောက်ခြားထားတဲ့ အမျိုးသမီးတွေကအမြွှာကိုယ်ဝန်ဆောင်နိုင်ချေ ပိ်ုများပါတယ်။
ဖန်ပြွန်သန္ဓေသားကိုယ်ဝန်
ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်တဲ့အခါ တစ်ယောက်တည်းလိုချင်လား ။နှစ်ယောက်လိုချင်လားကိုယ်လိုချင်သလိုရွေးလို့ရတာကြောင့် ဖန်ပြွန်သန္ဓေသားကိုယ်ဝန်နဲ့ try ကြည့်လို့လည်းရပါတယ် ။ ။

















