မိုးညှင်းမြို့နယ်တွင် လင်မယားနှစ်ဦးကို သေနတ်နှင့်ပစ်ပြီး ဓားဖြင့်ခုတ်သတ်သူနှစ်ဦးကို ရဲတပ်ဖွဲ့က သြဂုတ် ၂၅ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
သြဂုတ် ၂၂ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် မိုးညှင်းမြို့နယ် အောင်ချမ်းသာကျေးရွာ၊ နန့်ပလန်းလယ်ကွင်း လယ်တောအတွင်း လင်မယားနှစ်ဦးဒဏ်ရာဖြင့် သေဆုံးနေကြောင်းသတင်းအရ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဌေး(ခ)ဦးညို နှင့်အဖွဲ့က သွားရောက်ကြည့်ရှုပြီး မိုးညှင်းမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
သေဆုံးသူနှစ်ဦးသည် စာရင်းငှားလုပ်ကိုင်သူ မျိုးသင်းဦးနှင့် မသီတာအေးတို့ဖြစ်ပြီး မျိုသင်းဦးမှာ လည်ပင်းဝဲဘက်ထိုးသွင်း၊ ဝဲရင်အုံပြတ်ရှ၊ ကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာရင်အုံပြတ်ရှ၊ ယာလက်ကောက်ဝတ်ပြတ်ရှ ဒဏ်ရာများဖြင့် လယ်တဲပေါ်တွင် သေဆုံးနေသည်။
ထို့အတူ လယ်တဲအနောက် မြေပြင်ပေါ်တွင် ၎င်း၏ ဇနီးဖြစ်သူ မသီတာအေးမှာ ယာကျောလက်ပြင်ပြတ်ရှ ၊ပခုံးထိုးသွင်း၊ ဝဲလက်ဖဝါး ပြတ်ရှ၊ဝမ်းဗိုက်အူထွက်၊ ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ခုတို့ရရှိ သေဆုံးနေသည်ကို လုံးတုံနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ဇေယျာမင်းနှင့်အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။
လုံးတုံနယ်မြေရဲစခန်းက(ပ)၂၈/၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းခဲ့သည်။ အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက ဖော်ထုတ်ခဲ့ရာ သေဆုံးသူ မသီတာအေးနှင့် လူမှုရေးကိစ္စ ပတ်သက်ဖူးပြီး အမှုဖြင့် မသင်္ကာသူ အင်းသာကျေးရွာ ဒေါ်ခင်လှ၏ ခင်ပွန်း ဦးသက်ခိုင်ဦး (၄၀ နှစ်)ဖြစ်နိုင်ကြောင်း၊ လက်ရှိ၌သက်ခိုင်ဦးသည် နေအိမ်တွင်မရှိကြောင်း စုံစမ်းသိရှိခဲ့သည်။
သက်ခိုင်ဦးက အဆိုပါပြစ်မှုကိုကျူးလွန်ခဲ့ပြီး မနခေါကျေးရွာနေ ဦးယော လည်းပါဝင်ကြောင်း သက်ခိုင်ဦး၏ဇနီးဖြစ်သူ ဒေါ်ခင်လှမှတစ်ဆင့် သက်ဆိုင်ရာက စုံစမ်းသိရသဖြင့် သြဂုတ် ၂၃ ရက်တွင် ဦးယော (ခ) ဦးသိန်းအောင်(၅၂ နှစ်)ကို ဖမ်းဆီးရမိခဲ့သည်။
သြဂုတ် ၂၁ ရက် ညနေ ၄ နာရီတွင် ဦးယောက သက်ခိုင်ဦးနှင့် အရက်အတူ သောက်ခဲ့ကြောင်း၊ သက်ခိုင်ဦးက တူမီးသေနတ်နှစ်လက်နှင့် ဓားဦးချွန်ကိုလွယ်ထားကြောင်း၊သက်ခိုင်ဦးက ၎င်းနှင့်ယခင်က ချစ်ကြိုက်ခဲ့သည့် မသီတာအေးနှင့်သူ၏ ခင်ပွန်းမျိုးသင်းဦးကို မကျေနပ်၍ သတ်မည်ဖြစ်ကြောင်း ပြောဆိုကာ ည ၈ နာရီခွဲကျော်တွင် မျိုးသင်းဦးနှင့် မသီတာအေးတို့ လယ် ဘက်သို့ထွက်လာခဲ့ကြောင်း ဦးယောကို စစ်ဆေးချက်အရ ပေါ်ပေါက်ခဲ့သည်။
ထိုသို့ထွက်လာစဉ် လယ်တဲပေါ်၌ မျိုးသင်းဦးနှင့် မသီတာအေးတို့ မအိပ်သေးသဖြင့် ခေတ္တစောင့်နေခဲ့သည်။ ည ၁၀ နာရီကျော်တွင် သက်ခိုင်ဦးက တဲပေါ်သို့တက်ပြီး ထောင်ထားသည့် ခြင်ထောင်ကို တူမီးသေနတ်ဖြင့် ရိုက်ဆွဲဖြုတ်ကာ မျိုးသင်းဦးကိုအပေါ်မှ တူမီးသေနတ်နှင့် ပစ်ခဲ့ကြောင်း၊ ယင်းနောက် ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ မသီတာအေးက ထပြေးစဉ် ၎င်းကတူမီးသေနတ်ဖြင့် ပစ်ခဲ့ကြောင်း ဦးယော(ခ)ဦးသိန်းအောင်က ရဲထံတွင် ထွက်ဆိုခဲ့သည်။
၎င်းတို့ နှစ်ဦးလယ်ကွက်များသို့ဖြတ်ပြန်ခဲ့ပြီး သက်ခိုင်ဦးက တူမီးသေနတ်များကို ဖွက်ခိုင်းခဲ့ကာ ဓားကို ယူဆောင်သွားခဲ့သည်။
အမှုဖြင့် တိမ်းရှောင်နေသူ သက်ခိုင်ဦးကို ဖမ်းဆီးခံရန်အတွက် သက်ခိုင်ဦး၏ ဦးလေးဖြစ်သူက ဖျောင်းဖျပြောဆိုသဖြင့် အင်းသားကျေးရွာရှိ ၄င်း၏နေအိမ်မှ သြဂုတ် ၂၅ ရက် ညနေ ၄ နာရီခွဲတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
သက်ဆိုင်ရာက ၄င်းတို့ နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်ပြီး ဥပဒေအကြံပြုတောင်းခံကာ ဆက်လက် အရေးယူထားသည်။

















