ပြည်မြို့တွင် ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ်သွားလာသူလူငယ်တစ်ဦးကိုရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ဆိုင်ကယ်ဖြင့် လုယက်ထွက်ပြေးမှု ပေါ်ပေါက်ခဲ့ကြောင်း သြဂုတ် ၂၆ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ် ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ လမ်းသစ်လမ်းဆုံတွင် Canda 125 အနက်ရောင်ဆိုင်ကယ်ဖြင့် တွေ့ရှိသူ ဖြူဖွေး (ခ) သန့်ဇင်ထွန်း (၁၉) နှစ်ကို ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
၄င်းကို စစ်ဆေးချက်အရ သြဂုတ် ၁၄ ရက်တွင် ပြည်မြို့နယ်၊ အပိုင်း (၂)ရွှေတံခါးရပ်ကွက်၊ ရွှေကျောက္ကာ ဘုရားအနီး၌ ဆိုင်ကယ်မောင်းနှင်စီးနင်းသူ အမျိုးသမီးနှစ်ဦးထံမှ ရွှေလက်ကောက် ၁၀ ကွင်း၊ငွေကျပ် ၅၀ဝ၀ဝ ပါ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့်လုယူမောင်းနှင်ထွက်ပြေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
လုယက်မှုကျူးလွန်စဉ် ဖိုးပြည့်(ခ)ဖိုးလပြည့် (၁၇ နှစ်) လည်း အတူပါဝင်ခဲ့ပြီး ရရှိသည့်ပစ္စည်းများကို အညီအမျှခွဲဝေယူခဲ့ကာ လက်ဆွဲအိတ်ကို လမ်းတွင်လွှတ်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
လုယူရာမှ ၄င်းခွဲတမ်းရရှိခဲ့သည့် ရွှေလက်ကောက် ၅ ကွင်းအနက် တစ်ကွင်းကို ရောင်းချခဲ့ကာ၊ တစ်ကွင်းကို မိခင်ကိုပေးခဲ့ပြီး ကျန် ၃ကွင်းကို နေအိမ်ဖိနပ်တိုင်ဘေးတွင် မြေကျင်းတူးမြှုပ်နှံခဲ့ကြောင်း ပြောပြသိရသဖြင့် သက်ဆိုင်ရာက သိမ်းဆည်းခဲ့သည်။
အမှုတွင်ပါဝင်သူ ဖိုးပြည့်(ခ)ဖိုးလပြည့်ကို ၄င်းနေအိမ်တွင် ညနေ ၆ နာရီ ၂၅ မိနစ်က ဖမ်းဆီးရမိခဲ့သည်။
အဆိုပါလုယက်မှုသည် ပြည်မြို့အမှတ် (၃) နယ်မြေရဲစခန်းက (ပ) ၈၃၀/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့် စုံစမ်းလျက်ရှိသည့် အမှုဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

















