လူငယ်တော်တော်များများကိုအသားအရေလှချင်လားလို့ မေးလိုက်ရင် မလှချင်ဘူးလို့ ဖြေမယ့်သူရှိမယ်မထင်ပါဘူးနော်။ အသားအရေလှဖို့အတွက် အရေပြားအလှအပ ထိန်းသိမ်းတဲ့ပစ္စည်းတွေ၊ ဆပ်ပြာအကောင်းစားတွေ၊ နာမည်ကြီးတံဆိပ်တွေတော့ ဈေးကြီးပေးပြီးအသုံးပြုကြပေမယ့် တကယ်အရေးကြီးတဲ့ အိပ်ချိန်မှန်ဖို့ကိုတော့ လူတွေကမေ့တတ်ကြပါတယ်။ ဒီနေ့ဆောင်းပါးမှာဘာကြောင့်အိပ်ချိန် ပြည့်ဝမှုသည် အရေပြားအလှအပအတွက် အရေးကြီးလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
အိပ်ရေးပျက်တာများလာခြင်း
အလုပ်များလို့၊ ကျောင်းစာတွေ ပိနေလို့၊ ဖုန်းသုံးနေလို့၊ ရုပ်ရှင်လက်စမဖြတ်နိုင်လို့၊ စသဖြင့် အကြောင်းပြချက်ပေါင်းသောင်းခြောက်ထောင်နဲ့ လူငယ်တွေ အိပ်ရေးအပျက်ခံပြီးနေလာကြပါတယ်။ တစ်နေ့ကိုပုံမှန်အိပ်ချိန် အနည်းဆုံး ၇နာရီမရတဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုလုံးကအရေပြားတွေမှာဒီလိုပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သတိထားသင့်တယ်နော်။
၁။ မကောင်းတဲ့ ဟော်မုန်းဓာတ်တွေ များလာခြင်း
အိပ်ချိန်မပြည့်တဲ့အခါ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော် ဟော်မုန်း (Cortisol Hormone) တွေကိုပိုပြီးထုတ်လွှတ်ပါတယ်။ ဦးနှောက်ကစိတ်ဖိစီးမှုဖြစ်နေတယ်လို့ ခံစားသိရှိတဲ့အခါမှာခါတိုင်းထက် ပိုမိုအလုပ်လုပ်ရတော့ နောက်ဆက်တွဲအနေနဲ့ အရေပြားကပင်ပန်းနွမ်းနယ်ပြီးမွဲခြောက်လာတာဖြစ်ပါတယ်။
၂။ အသားအရေကို ပြန်လည်ထိန်းသိမ်းပေးမယ့် အာဟာရဓာတ်တွေ နည်းသွားခြင်း
အိပ်နေတဲ့အချိန်မှာမျက်နှာရဲ့ အောက်အလွှာမှာကော်လဂျင်ဆဲလ်တွေ အဆက်မပြတ်ထုတ်ပေးပြီးပျက်စီးနေတဲ့ တချို့နေရာတွေကို ဖြည်းဖြည်းချင်းကုစားပေးပါတယ်။ လူတစ်ယောက်ကမအိပ်ဘဲနေလိုက်တဲ့အခါ အဲ့ဒီဟော်မုန်းတွေကထွက်မလာတော့တာကြောင့် အသားအရေပြန်လည်ထိန်းသိမ်းဖို့ အာဟာရဓာတ်တွေ နည်းသွားပြီးကျန်းမာစိုပြေတဲ့အသားအရေမျိုးမဟုတ်တော့ဘဲတဖြည်းဖြည်းအရေးအကြောင်းတွေ ထင်လာမှာပါ။
၃။ နဂိုရှိနေတဲ့ အရေပြားပြဿနာတွေ ပိုဆိုးလာစေခြင်း
ကိုယ်ကမျက်နှာအဆီပြန်လို့ ဝက်ခြံတွေခဏခဏပေါက်တတ်တယ်၊ ချွေးပေါက်ကလည်းကျယ်တယ်၊ အသားခြောက်တဲ့သူတွေဆိုရင်လည်း နှင်းခူ၊ ညှင်းတွေ ပေါက်လွယ်တယ်၊ တချို့ဆိုရင်လည်းအလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ သုံးလိုက်တာနဲ့ ယားပြီးအင်ပျင်ထလာတာအစရှိတဲ့ အရေပြားကျန်းမာရေးပြဿနာတွေဟာအိပ်ချိန်နည်းလာတာနဲ့အမျှ အရင်ကထက် ပိုပိုဆိုးလာပြီးကိုယ့်အသားအရေကိုပိုပြီးဒုက္ခဖြစ်စေနိုင်ပါတယ်။
၄။ ကြည်လင်ဝင်းပမှု မရှိတော့ခြင်း
ကလေးဘဝမှာအသားလေးကဝင်းပြီးကြည်နေသလောက် အသက်ကြီးလာတော့မှ ဘာလို့ ခြောက်ကပ်ကပ်နဲ့ ညိုမည်းလာတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ အိပ်ချိန်နည်းလာလို့ ဖြစ်တာပါ။ အပြည့်အဝအနားယူအိပ်စက်မှုမရှိတဲ့အခါ အရေပြားပျက်စီးနေရင်လည်း ပြန်မပြုပြင်ပေးနိုင်တော့သလိုအသားအရောင်ကမှိန်လာမယ်၊ အသားအရေကိုကာကွယ်ပေးမယ့် အလွှာတွေကတဖြည်းဖြည်းပါးလာတဲ့အခါ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးဖို့လည်းပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။
၅။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာစေတယ်။
ဒါကတော့ အထူးတလည်ပြောစရာတောင် လိုမယ်မထင်ပါဘူး။ အိပ်ချိန်မပြည့်တဲ့အခါ အသားအရေပြုပြင်ထိန်းသိမ်းနိုင်စွမ်းနည်းသွားမယ်။ ဒီအခါ အရေပြားပေါ်မှာပျက်စီးနေတဲ့ ဆဲလ်အသေတွေ စုပုံလာပြီးအရေပြားပြဿနာတွေ ပိုဆိုးသွားသလို အရေးအကြောင်းတွေထင်ပြီး ကြည့်လာတာနဲ့ အိုမင်းရင့်ရော်နေသလို ဖြစ်မှာအသေအချာပါပဲ။
အလှကြိုက်တဲ့သူတွေလည်းအိပ်ချိန်နည်းတဲ့အခါ ဖြစ်လာနိုင်တဲ့ ကြောက်စရာဆိုးကျိုးတွေကိုခုလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာစောစောပြန်အိပ်ဖို့နဲ့ တစ်နေ့တာအိပ်ချိန် ၇နာရီလောက်ကို ရအောင်အိပ်ဖို့ ခုကတည်းကအကျင့်ပြန်မွေးဖို့ တိုက်တွန်းပေးလိုက်ပါတယ်။

















