မြန်မာလူမျိုးအများစုအတွက် စည်သွပ်ဘူးပိတ် အစားအစာဆိုတာရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဟုတ်ကဲ့၊ ချက်ထားပြီးသား အသား၊ ငါးမျိုးစုံ၊ ဒါမှမဟုတ် ပဲအမျိုးမျိုးကို ပြုတ်ပြီးတော့ဖြစ်ဖြစ် စည်သွပ်ဘူးထဲထည့်ပိတ်ကာတာရှည်ခံအစားအစာအဖြစ် အချိန်အကြာကြီးသိုလှောင်ပြီးစားသုံးလို့ရအောင် ပြုပြင်ထားတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။
အဲ့တော့ တာရှည်ခံအောင် လုပ်ထားတဲ့အစားအစာတွေကကျန်းမာရေးနဲ့ ထိခိုက်စေတယ်ဆိုတော့ စည်သွပ်ဘူးပိတ်အစားအစာတွေကရောကျန်းမာရေးကိုထိခိုက်စေနိုင်လားဆိုတာ ကြည့်လိုက်ကြရအောင်လား။
စည်သွပ်ဘူးပိတ်အစားအစာတွေဆိုတာ
အစားအစာတွေကိုချက်ပြုတ်ပြီးတဲ့အခါ လေအလုံပိတ် အလူမီနီယမ်သတ္တုဘူးထဲထည့်ပြီး ကြာရှည်ခံစေဖို့ အနည်းငယ်ပြုပြင်ရပါတယ်။ ၁၈ ရာစုအစပိုင်းမှာစတင်ပေါ်ပေါက်လာပြီးခုခေတ်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ လူတော်တော်များများကစားသုံးလျက်ရှိပါတယ်။ အဓိကကတော့ လတ်လတ်ဆတ်ဆတ် စားစရာတွေဟာသိပ်ပြီး ကြာရှည်မခံဘဲပျက်စီးပုပ်သိုးလွယ်တာကြောင့် စည်သွပ်ဘူးထဲအလုံပိတ်ကာလေဘေး၊ မီးဘေးကာလ၊ ပင်လယ်၊ လေထဲရက်ပေါင်းများစွာခရီးထွက်နေရတဲ့အခါ လွယ်ကူအဆင်ပြေစေပါတယ်။
အရင်ဆုံးစားစရာကိုလိုသလိုလှီးစိတ်ကာစည်သွပ်ဘူးထဲထည့်ပါတယ်။ ပြီးသွားတော့မှ စည်သွပ်ဘူးထဲပိတ်ပြီးအပူပေးကာမကောင်းတဲ့ဘက်တီးရီးယားပိုးတွေကိုသတ်ပစ်ပြီးမပုပ်သိုးသွားစေဖို့ ပြုလုပ်ရပါတယ်။ စည်သွပ်ဘူးတွေဟာရေခဲသေတ္တာထဲမထည့်ဘဲအပြင်အခန်းအပူချိန်မှာထားထားရင်တောင် အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅နှစ်အထိမပျက်စီးဘဲသိမ်းဆည်းထားနိုင်ပါတယ်။ အများစုကတော့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ချက်ပြီးသားအသားဟင်းတွေ၊ ပဲအမျိုးမျိုး၊ စွပ်ပြုတ်၊ အသား၊ ပင်လယ်စာတွေကိုထုပ်ပိုးသိမ်းဆည်းတတ်ကြပါတယ်။
အာဟာရတန်ဖိုးပြောင်းလဲမှုရှိသလား
စည်သွပ်ဘူးထဲအလုံပိတ်ထားတဲ့အခါ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေစတဲ့ အာဟာရတန်ဖိုးဟာလျော့နည်းသွားခြင်းမရှိပါဘူး။ ဗီတာမင် ဘီနဲ့ ဗီတာမင် စီလိုမျိုးရေမှာပျော်ဝင်နိုင်တဲ့ အာဟာရဓာတ်တွေကတော့ ပြင်းထန်စွာအပူပေးလိုက်တဲ့အခါ အနည်းငယ်လျော့သွားနိုင်ပါတယ်။ ဒီတော့ အာဟာရတန်ဖိုးဟာပြောင်းတာလည်းရှိသလိုမပြောင်းလဲဘဲနဂိုအတိုင်းရှိနေတာမျိုးလည်းရှိနိုင်ပါတယ်။
လူတွေကဘာကြောင့် စည်သွပ်ဘူးပိတ်အစားအစာတွေကိုစားသုံးမှုများလာကြတာလဲ
၁။ လတ်လတ်ဆတ်ဆတ် အစားအစာတွေလိုမျိုးအချိန်ကုန်ခံချက်ပြုတ်စရာမလိုဘဲမိနစ်အနည်းငယ်ပေးပြီးအပူပေးရုံနဲ့ နဂိုအရသာအတိုင်းစားသုံးနိုင်ပါတယ်။
၂။ ဈေးလဲသက်သာတယ်။ အခြေခံလူတန်းစားအများစုအတွက် တတ်နိုင်တဲ့ ငွေကြေးပမာဏဖြစ်တယ်။
၃။ ရေခဲသေတ္တာတင်မကဘဲအခန်းအပူချိန်မှာသိမ်းဆည်းထားနိုင်တယ်။
၄။ အချိန်ကြာကြာသိမ်းဆည်းထားလို့ရတဲ့အတွက် အခုလိုရေဘေးသင့်ကာလတွေ၊ မုန်တိုင်းဒဏ်သင့်ကာလတွေမှာလိုရမယ်ရအိမ်မှာရိက္ခာသဘောအနေနဲ့ ဆောင်ထားလို့ရတယ်။
ကျန်းမာရေးအတွက် မကောင်းတဲ့ အချက်တွေကဘာတွေလဲ
၁။ ကြာရှည်ခံအောင် ဓာတုဗေဒနည်းစနစ်နဲ့ ပြုပြင်ထားတဲ့အစားအစာဖြစ်တာကြောင့် ရေရှည်စားမယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်လာနိုင်တယ်။
၂။ အရသာထူးကဲစေဖို့ ဆား၊ သကြား၊ အချိုမှုန့်ပမာဏကိုလိုအပ်သည်ထက် ပိုသုံးထားတတ်တယ်။
၃။ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ပါလာနိုင်ပြီးအစာအိမ်နဲ့ အူလမ်းကြောင်းကိုဒုက္ခပေးနိုင်တယ်။
၄။ ကျန်းမာရေးမကောင်းတဲ့သူတွေဆိုရင် အာဟာရဓာတ်ပိုမိုလိုအပ်တာကြောင့် စည်သွပ်ဘူးပိတ် အစားအစာတွေကိုမစားသုံးသင့်ပါဘူး။
ဒါကြောင့် တတ်နိုင်ရင်တော့ အစားအစာတွေကိုကိုယ်တိုင်ဝယ်ယူချက်ပြုတ်ပြင်ဆင်ပြီးစားပေးပါ။
စည်သွပ်ဘူးပိတ်အစားအစာတွေကိုတစ်ခါတလေမှပဲစားပါ။ အခုလိုမိုးဘေး၊ လေဘေးရာသီမျိုးမှာအိမ်မှာစည်သွပ်ဘူးအနည်းငယ် ဝယ်ပြီးဆောင်ထားမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတိုင်းအလွယ်လမ်းကိုပဲလိုက်မယ်ဆိုရင်တော့ အရင်ဆုံးထိခိုက်မှာကိုယ့်ရဲ့ကျန်းမာရေးပဲဆိုတာဂရုပြုဆင်ခြင်ဖို့ တိုက်တွန်းရင်းဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

















