စိတ်ရောဂါရှိသူက ကျေးရွာဓမ္မာရုံနေ ဦးပဉ္စင်းကို ခေါင်းဖြတ်သတ်

စိတ်ရောဂါရှိသူက ကျေးရွာဓမ္မာရုံနေ ဦးပဉ္စင်းကို ခေါင်းဖြတ်သတ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူက ကျေးရွာဓမ္မာရုံနေ ဦးပဉ္စင်းကို ခေါင်းဖြတ်သတ်မှုအား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း သြဂုတ် ၂၇ ရက်က ရဲတပ်ဖွဲ့ထံမှ သိရသည်။

တောင်ကုတ်မြို့ ကင်းတောင်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးသောင်းထွန်းက ဖြစ်စဉ်နှင့်ပတ်သက်၍ ဩဂုတ် ၂၆ ရက်ည ၈ နာရီ ၂၅မိနစ်တွင် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က ဦးသောင်းထွန်းသည် နေအိမ်တွင်ရှိနေစဉ် ကျေးရွာ ကိုးနဝင်းဓမ္မာရုံကျောင်းတိုက်၌လူသတ်မှုဖြစ်ပွား ကြောင်း ကျောင်းနေ ရဟန်းနှစ်ပါးက အကြောင်းကြားသဖြင့် ရွာမနယ်မြေရဲစခန်းမှူး ရဲအုပ်စည်သူရှိန်အဖွဲ့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့သည်။

ဘုရားဓမ္မာရုံကျောင်းတိုက်အတွင်း သီတင်း သုံးလျက်ရှိသော အရှင်အာစာရ သက်တော် ၇၈နှစ်သည် ဦးခေါင်းပြတ်လျက် ပျံလွန်တော်မူနေ ခြင်းဖြစ်သည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အခင်းဖြစ်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဘုရားကျောင်းဓမ္မာရုံ အတွင်း ဦးအာစာရနှင့်အတူ ဦးဩဘာသ၊ အရှင်ဥတ္တမ တို့ အတူရှိနေစဉ် အဆိုပါကျေးရွာရှိ စိတ်ကျန်းမာရေးမကောင်းသူ ချစ်မင်းဝေ(ခ)ဖိုးကျော်(ခ) ငပိချေ အုတ်နီခဲကိုင်လျက် ရောက်လာခဲ့သည်။ထို့နောက် ဆဲဆိုကာ ဦးဥတ္တမ၏သင်္ဃန်းကိုကိုင်၍“ရုံဆင်း၊ ရုံဆင်း”ဟုအော်ပြီး အုတ်နီခဲဖြင့်ထုရန် ပြုလုပ်ခဲ့သည်။

ထိုသို့ပြုမူသဖြင့် ဦးဩဘာသနှင့် ဦးဥတ္တမတို့နှစ်ပါးမှာ ကျောင်းပေါ်မှ ဆင်းပြေးသွားခဲ့ပြီး ကျေးရွာအတွင်း အကူအညီ တောင်းခံ၍ပြန်လာစဉ် ဦးပဉ္စင်းကြီး ဦးအာစာရ ဓားမဖြင့်ခုတ်ခံရသည့်ဒဏ်ရာဖြင့် ဦးခေါင်း ပြတ်ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့သည်။

သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူ ချစ်မင်းဝေ(ခ)ဖိုးကျော်(ခ) ငပိချေ (၃၃ နှစ်)ကို အခင်းဖြစ်နေ့ ညပိုင်း၌ အမှုဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။

ရွာမနယ်မြေရဲစခန်းက(ပ)၄၀/၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။