အမျိုးသားသုံးဦးက စက်ရုံများမှ လျှပ်စစ်ကေဘယ်(လ်)ကြိုးများ လိုက်လံခိုးယူ

အမျိုးသားသုံးဦးက စက်ရုံများမှ လျှပ်စစ်ကေဘယ်(လ်)ကြိုးများ လိုက်လံခိုးယူ

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်းရှိ စက်ရုံများမှ လျှပ်စစ်ကေဘယ်လ်ကြိုးများ လိုက်လံခိုးယူသူသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းမြို့နယ်အတွင်းရှိ ပလတ်စတစ်စက်ရုံ၊ သစ်ပါးလွှာစက်ရုံများမှ ကျပ်သိန်း ၆၀ ကျော်ဖိုးခန့် ကေဘယ်လ်ကြိုးများခိုးယူ ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းနေစဉ် မော်တော်ယာဉ်တစ်စီးဖြင့် လျှပ်စစ်ကြေး ကြိုးများတင်ဆောင်သွားကြောင်း သတင်းအရ အမှုဖြင့် မသင်္ကာသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်နေ အောင်ထွေး(ခ)ပေါင်မုန့် မောင်းနှင်သည့် လိုက်အေ့(စ်) အဖြူရောင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည်။

၎င်းကို စစ်ဆေးချက်များအရ မောင်စန်း(ခ)စံရွှေမြင့်၊ အေးဝင်း တို့နှင့် အတူ အမှုဖွင့် တိုင်ကြားထားသည့် ပလတ်စတစ်စက်ရုံမှ 085mm အမျိုးအစား ကေဘယ်လ်ကြိုးရှစ်ချောင်း ၊ကျပ် ၃၂ သိန်းဖိုးခန့်နှင့် အထပ်သားစက်ရုံမှ ကျပ်သိန်း ၃၀ ဖိုးခန့်ရှိ ကေဘယ်လ်ကြိုးများကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

၎င်းတို့ကိုထပ်မံစစ်ဆေးချက်များအရ ယခုနှစ် ဇူလိုင်လအတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊(၉၈) ရပ်ကွက်ရှိ စက်မှုဇုန်အတွင်းမှကေဘယ်လ်ကြိုး(၁၁၂)ပိဿာ နှင့် ကြေးကြိုး(၂၄)ပိဿာတို့ကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ၄င်းတို့ ခိုးယူခဲ့သည့် ကေဘယ်လ်ကြိုးများကို ရောင်းချထားသည့်နေရာများမှ ပြန်လည်သိမ်းဆည်းကာ အရေးယူဆောင်ရွက်ထားသည်။