မီလန်အခြေစိုက် အင်တာမီလန်သည် သြဂုတ် ၂၆ ရက်က စီးရီးအေအဖွင့်ပွဲအဖြစ် အိမ်ကွင်းတွင် လက်ချီနှင့်ကစားခဲ့ရာ တိုက်စစ် အစွမ်းပြခဲ့ပြီး လေးဂိုးပြတ်အနိုင်ရကာ အဖွင့် လှခဲ့သည်။
အင်တာမီလန်နည်းပြ ကွန်တီသည် တိုက်စစ်တွင် ကစားသမားသစ် လူကာကူ နှင့် မာတီနက်ဇ်တို့ကို တွဲဖက်ခဲ့ပြီး ၃-–၅–၂ ကစားကွက်ဖြင့် လက်ချီအား ရင်ဆိုင်ခဲ့သည်။ အင်တာမီလန်သည် ပွဲချိန် ၂၁ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး ကွင်းလယ်လူ ဘရိုဇိုဗစ်က ပင်နယ်တီဧရိယာထိပ်မှ ဂိုး၏ဘယ်ဘက် ထောင့်သို့ လှလှပပသွင်းယူပေးခဲ့သည်။
အင်တာမီလန်သည် ၂၄ မိနစ်တွင် ဒုတိယဂိုးထပ် ရခဲ့ပြီး ဆန်ဆီက ပင်နယ်တီဧရိယာအတွင်းမှ အပိုင်ကန်သွင်းခဲ့သည်။ အင်တာမီလန်တိုက် စစ်မှူးသစ် လူကာကူသည် စီးရီးအေမစတင်မီ ကစားခဲ့ရသော ခြေစမ်းပွဲတွင် ဂိုးများသွင်း ပေးခဲ့သလို လက်ချီနှင့် စီးရီးအေပွဲ၌လည်း ဂိုးသွင်းပေးခဲ့သည်။
လူကာကူသည် ပွဲချိန် မိနစ် ၆၀ တွင် လက်ချီဂိုးသမား ပုတ်ထုတ် ရာမှတစ်ဆင့် ပြန်ထွက်လာသည်ကို လွတ် လွတ်ကျွတ်ကျွတ်ဂိုးသွင်းပေးခဲ့သည်။ လက်ချီ ကစားသမားတစ်ဦး အနီကတ်ပြ ထုတ်ပယ်ခံ ရ၍ အင်တာမီလန် ကစားသမားတစ်ယောက် အသာရကာ ဖိအားပေးကစားခဲ့သည်။
အင်တာမီလန်အသင်းအတွက် အပိတ် ဂိုးကို ကန်ဒရီဗာက ပွဲချိန် ၈၄ မိနစ်တွင် သွင်းယူပေးခဲ့၍ လေးဂိုးပြတ်အနိုင်ရခဲ့သည်။ အင်တာမီလန်နည်းပြ ကွန်တီ၏ ကစားကွက် တွင် ကစားသမားများ အကောင်းဆုံးပုံစံဖြင့် ကစားခဲ့သည်။ အင်တာမီလန်သည် တစ်ပွဲ လုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု ၂၄ ကြိမ် ပြု လုပ်နိုင်ခဲ့သည်။
စီးရီးအေပွဲဦးထွက်၌ ဂိုးသွင်းပေးခဲ့သော လူကာကူသည် အကောင်းဆုံးနည်းလမ်းဖြင့် အင်တာမီလန်ကမ္ဘာထဲသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း နည်းပြကွန်တီက ချီးကျူးခဲ့သည်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးကို မည်သည့်အတွက် ကြောင့် အသည်းအသန်ခေါ်ယူခဲ့ရသည်ကို လူကာကူ၏ခြေစွမ်းက လက်ချီပွဲတွင် သက်သေပြနိုင်ခဲ့ကြောင်းလည်း ကွန်တီက အသိပေးခဲ့သည်။















