မြို့နယ်လေးမြို့နယ်အတွင်းရှိ နေအိမ်တိုက်ခန်းများအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေများခိုးယူခဲ့သူကို ရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူထားကြောင်း ယနေ့သြဂုတ် ၂၈ ရက်က သိရသည်။
သြဂုတ် ၁၅ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ အချိန် ကြည့်မြင်တိုင်မြို့နယ်နေ အမျိုးသမီးတစ်ဦးသည် မိခင်ဖြစ်သူဆေးရုံတက်ရောက်နေသဖြင့် ခင်ပွန်းဖြစ်သူနှင့်အတူ လူနာစောင့်သွားရောက်ခဲ့သည်။ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် နေအိမ်တံခါးမကြီးမှာပွင့်နေပြီး အိမ်အတွင်းရှိ အဝတ်ဗီရိုအံဆွဲအတွင်းမှ ရွှေထည် ပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဖိုး ၂၅၃၉၃၁၂ ကျပ်ခန့် ပျောက်ဆုံးနေသည်ကို သိရသဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။
အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာကစုံစမ်းရာ ရွှေပြည်သာမြို့နယ်နေ ဘိုဘိုဦး(ခ)ကိုဇော်သည် အဆိုပါတိုက်ခန်းသို့ အခင်းဖြစ်နေ့နံနက် ၁၁ နာရီခန့်တွင် တက်ရောက်သွားခဲ့ပြီး နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ပြန်ဆင်းလာကာ Probox အဖြူရောင်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သည်။
ရဲတပ်ဖွဲ့က အမှုဖြင့်မသင်္ကာသူ ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာ မြောက်ပိုင်းနေ ဘိုဘိုဦး (ခ)ကိုဇော်ကို သြဂုတ် ၂၂ ရက်ည ၇ နာရီ မိနစ် ၂၀ တွင် ဖမ်းဆီးခဲ့သည်။၄င်းကို စစ်ဆေးချက်အရ သြဂုတ် ၁၅ ရက်တွင်လည်း ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်ရပ်ကွက်၊ ရွှေလိပ်ပြာအိမ်ရာအတွင်းရှိ တိုက်ခန်းတစ်ခု၏သံပန်း တံခါးအားဖွင့်၍ အိပ်ခန်းအတွင်းရှိ အဝတ်ဗီရို အတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ဆက်လက်စုံစမ်းချက်အရ မေလအတွင်းကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်ရပ်ကွက်ရှိ ပညာရေးမှူးရုံးဝင်းအတွင်းရှိနေအိမ်တစ်အိမ်မှ ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေ(၄)သိန်းကျပ်ကိုလည်းကောင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်ရပ်ကွက်အတွင်းရှိ တိုက်ခန်းတစ်ခုမှ ရွှေထည်ပစ္စည်းများကိုလည်းကောင်း ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
ထို့ပြင် ဇွန်လအတွင်းက ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ကမ်းနားလမ်းရှိ တိုက်ခန်းတစ်ခုမှ ရွှေထည်ပစ္စည်းများကို လည်းကောင်း၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်၊ ဦးဝိစာရအိမ်ရာရှိ တိုက်ခန်းတစ်ခုမှ ငွေကျပ်သိန်း(၅၀)ကျော်ကိုလည်းကောင်း၊၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ စိတ္တသုခလမ်းရှိ တိုက်ခန်းတစ်ခုမှ ရွှေထည်ပစ္စည်းများနှင့် ငွေ(၁၀)သိန်းကျပ် တို့ကိုလည်းကောင်း အသီးသီးခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
၎င်းခိုးယူခဲ့သည့် ပစ္စည်းများကို ရောင်းချထားသည့်နေရာများမှ ပြန်လည်သိမ်းဆည်းကာ သက်ဆိုင်ရာက ဆက်လက်အရေးယူထားသည်။

















