(ယခင်တစ်ပတ်မှအဆက်)
ထိုအချိန်က ငွေတိုက်ခွဲအရာရှိမှာ ၁၉၅၈ ခုနှစ်တွင်မြန်မာနိုင်ငံဝန်ထမ်း (အကြီးတန်း)သို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကန့်ဘလူနယ်ပိုင်ဝန်ထောက်၏ တာဝန်ကို ဆောင်ရွက်နေသူဖြစ်သည်။ ထိုအချိန်က ကန့်ဘလူတွင်မြို့ပိုင်ခန့်ထားနိုင်ခြင်း မရှိသေးသဖြင့် ခေတ္တနယ်ပိုင်ဝန်ထောက်က မြို့ပိုင်၏တာဝန်ဖြစ်သော ငွေတိုက်ခွဲအရာရှိ၏တာဝန်ကိုပါ ပူးတွဲဆောင်ရွက်နေစဉ် တစ်ကျပ်တန်ခြစားမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။
ငွေတိုက်လုပ်ငန်းတာဝန်များ လွှဲအပ်ရန် ချိန်းထားသည့်အချိန်ထက် နောက်ကျရောက်ရှိသဖြင့် မိမိက အပြစ်တင်စကားဆိုခဲ့သော လက်ထောက်မြို့ပိုင်က မိမိကအပြစ်ဆိုသည်ကို ကျေနပ်ပုံမရ၊ ခံမပြောခဲ့သော်လည်း ငွေတိုက်ခွဲအရာရှိ၏ တာဝန်လွှဲပြောင်းမှုအစီရင်ခံစာတွင် အထက်တွင်ဖော်ပြခဲ့သည့်မှတ်ချက်ကို မိမိကလက်ရေး ဖြင့် ဖြည့်စွက်ရေးသားပြီးသောအခါတွင်မူ "အစ်ကိုကြီးဆီက ပညာရတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငွေတိုက်ခွဲအရာရှိ၏တာဝန်ကို နယ်ပိုင်ဝန်ထောက်ထံမှ ကျွန်တော်လွှဲပြောင်းယူခဲ့စဉ်ကလည်း ယခုလိုပဲ ခြစားထားတဲ့ ကျပ်တန်ထုပ်ကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်က အစ်ကိုကြီးလို နားမလည်တဲ့အတွက် ခြစားထားတဲ့ ကျပ်တန်များကို တန်ဖိုးအပြည့်သတ်မှတ်ပြီး လက်ခံထားခဲ့ခြင်းဖြစ်ပါတယ်" ဟု ပြောပါသည်။ သို့သော် မိမိကဖော်ပြပါအတိုင်း မှတ်ချက်ရေးသဖြင့် ၎င်းကိုအပြစ်ပေးခံရသည်ဆိုကာ မိမိမသိဘဲ မိမိအပေါ်ရန်ငြိုးထားသူတစ်ဦးရှိခဲ့သည်ကို ထိုစဉ်က မိမိမသိရှိခဲ့ချေ။ ထိုသူမှာ တစ်ကျပ်တန်ငွေစက္ကူများ ခြစားစဉ်က ငွေတိုက်ခွဲအရာရှိအဖြစ် ခေတ္တတာဝန်ယူနေသူ နယ်ပိုင်ဝန်ထောက်ဖြစ်ပြီး မိမိကန့်ဘလူသို့ရောက်ရှိချိန်တွင် ခရိုင်ဝန်ရုံး၊ မြို့မဝန်ထောက်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထိုအကြောင်းကို နောင်တွင်ရေးပါဦးမည်။
နယ်ပိုင်ဝန်ထောက်ရုံးနှင့် မြို့ပိုင်ရုံးတို့ကိုပူးတွဲထားသော ကန့်ဘလူနယ်ပိုင်ဝန်ထောက်ရုံးတွင် ဝန်ထမ်းအင်အားမှာ အထက်တန်း စာရေးတစ်ဦး၊ အောက်တန်းစာရေး (၄)ဦး၊ ရုံးအကူ (၂) ဦး၊ ဆင့်စာလုလင် (၅)ဦးတို့ ဖြစ်သည်။ အထက်တန်းစာရေးမှာ ရုံးအုပ်စာရေးဖြစ်ပြီးဘိလစ်စာရေးအဖြစ်လည်း တာဝန်ယူရသည်။
အဓိကအားဖြင့် ငွေစာရင်းထိန်းသိမ်းခြင်းနှင့် ငွေသွင်းငွေထုတ်ကိစ္စများ၊ သက်သေစရိတ်ထုတ်ပေးခြင်းများကို တာဝန်ယူရသည်။ အောက်တန်းစာရေး(၄)ဦးအနက်တစ်ဦးက အခွန်ဌာန၊ အခြားတစ်ဦးက အထွေထွေဌာနကိုတာဝန်ယူရပြီး ကျန်နှစ်ဦးတို့က နယ်ပိုင်ရာဇဝတ်တရားသူကြီးနှင့် မြို့နယ်ရာဇဝတ်တရားသူကြီးတို့၏ရှေ့ဘတ်စာရေးများအဖြစ် အသီးသီးဆောင်ရွက်ကြရသည်။
ငွေတိုက်ခွဲအတွက် အောက်တန်းစာရေးတစ်ဦးနှင့်ရုံးအကူတစ်ဦးရှိသည့်အပြင် ရုံးစောင့်နှစ်ဦးလည်းရှိသည်။ မြို့ပိုင်ရာထူးမှာ လစ်လပ်သည့်အချိန်ကများပြီး မြို့ပိုင်၏ လုပ်ငန်းတာဝန်များကို နယ်ပိုင်ဝန်ထောက်က ပူးတွဲတာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ကန့်ဘလူခရိုင်ခွဲ (Sub-Division)တွင် ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်များပါဝင်သည်။ ကန့်ဘလူမြို့နယ်တွင် ထန်းတစ်ပင် (ဇီးကုန်း)မြို့နယ်ခွဲ၊ မလယ်မြို့နယ်ခွဲ၊ချပ်သင်းမြို့နယ်ခွဲဟူ၍ မြို့နယ်ခွဲသုံးခုရှိသည်။ရဲတပ်ဖွဲ့တွင်လည်း ရဲဝန်ထောက်တစ်ဦးက ဦးစီးပြီးမြို့နယ်ရဲမှူးဟူ၍ မရှိပေ။ ကန့်ဘလူ၊ ချပ်သင်း၊ ထန်းတစ်ပင်(ဇီးကုန်း)နှင့် မလယ်ကျေးရွာတို့တွင် ရဲစခန်းများ ရှိသည်။ ကန့်ဘလူနှင့် ထန်းတပင်(ဇီးကုန်း)တို့တွင်အထက်တန်းကျောင်းတစ်ကျောင်းစီရှိပြီး ချုပ်သင်းနှင့် မလယ်ကျေးရွာများတွင် အလယ်တန်းကျောင်းတစ်ကျောင်းစီရှိသည်။ ကန့်ဘလူတွင် မြို့နယ်အဆင့်ဆေးရုံတစ်ရုံရှိပြီး ထန်းတစ်ပင်(ဇီးကုန်း)တွင် တိုက်နယ်ဆေးရုံတစ်ရုံရှိသည်။ မလယ်တွင် ကျန်းမာရေးမှူးဦးဆောင်သောကျန်းမာရေး ဌာနခွဲရှိသည်။ ကန့်ဘလူမြို့နယ်အတွင်း ထန်းတပင်(ဇီးကုန်း)အနီးတွင် ကာဘိုးဆည်လည်းရှိသည်။ သို့သော် ကာဘိုးဆည်မှရေကို ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ပေးနိုင်ခြင်းမရှိဘဲခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်အတွင်းရှိ လယ်ကွင်းများသို့ တူးမြောင်းများမှတစ်ဆင့်ရေလွှဲပေးသည်။ ကန့်ဘလူမြို့နယ်အတွင်းရှိလယ်များမှာ မိုးရေဖြင့် စိုက်ပျိုးသောလယ်များဖြစ်၍ ဒေသခံများက မိုးကောင်းတောဟုခေါ်ကြသည်။
နယ်ပိုင်ရုံးတွင် လက်မှတ်မဲ့ အမှုစွဲတင်သည်ကိုလည်း မတွေ့မိသလောက်ပင်ဖြစ်သည်။ လက်မှတ်မဲ့အမှုများကို မီးရထားပေါ်တွင်ပင် လက်မှတ်စစ်များက ဒဏ်ငွေစီရင်လိုက်ပုံရ . .
ကန့်ဘလူမြို့နယ်သည် ဧရိယာအားဖြင့် အလွန်ကျယ်ဝန်းသည်။ ကျောက်ဆည်တစ်ခရိုင်လုံးထက်ပင် ကျယ်ဝန်းသည်ဟု ရုံးဝန်ထမ်းများက ပြောကြသည်။ ကျေးရွာအုပ်စုပေါင်း (၄၅) အုပ်စုရှိသည်ဟုထင်ပါသည်။ လူဦးရေကို အတိအကျမမှတ်မိသော်လည်း တစ်သိန်း၊တစ်သိန်းခွဲလောက်ရှိမည်ဟုထင်ပါသည်။ စပါးစိုက်ပျိုးသော လယ်ယာများနှင့်ကျယ်ဝန်းသော အစိုးရသစ်တောကြိုးဝိုင်းကြီးများရှိသည်။ ကျွန်း၊ ပျဉ်းကတိုးစသည့် သစ်ကောင်းများနှင့် ဝါးများအလွန်ပေါသည်။ ဂါးထာနှင့်ဆည်ကြီးကျေးရွာအုပ်စုများအတွင်းရှိ သစ်တောကြီးများမှာ နေရောင်မထိုးနိုင်လောက်အောက် အုပ်ဆိုင်းနေသဖြင့် အောက်ခြေတွင် သစ်ပင်ငယ်များ၊ ခြုံပုတ်များမရှိဘဲ ရှင်းလင်းနေသည်။ အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းနှင့် သစ်တောထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်သည်။ ကန့်ဘလူမြို့တွင် လက်ထောက်ခရိုင်မန်နေဂျာအဆင့်အရာရှိဦးဆောင်သော နိုင်ငံတော်ပိုင်မြန်မာ့သစ်လုပ်ငန်း (ှအအေန ွှငာဘနမ သြမေိ – ြွှ)လည်းရှိသဖြင့် ကျွန်းသစ်နှင့် သစ်မာများထုတ်လုပ်သည်။ ကန့်ဘလူမြို့နယ်သည် အလွန်ကျယ်ဝန်းပြီး လယ်ယာနှင့်သစ်တော ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများရှိသော်လည်း သွားလာရေးမှာမူခက်ခဲသည်။ မန္တလေး•-မြစ်ကြီးနား မီးရထားလမ်းကိုသာ အားကိုး၍သွားလာနေကြရသည်။ ကတ္တရာခင်းကားလမ်းမရှိပေ။ ရွှေဘို•-ကန့်ဘလူ သွား ကားလမ်းရှိသော်လည်း မြေသားလမ်းကြမ်းသာဖြစ်သည်။ ထန်းတစ်ပင် (ဇီးကုန်း)မှ မလယ်ကျေးရွာသို့ မော်တော်ကားဖြင့်သွားနိုင်သောလမ်းရှိသော်လည်း မြေသားလမ်းသာဖြစ်သည်။ ထိုလမ်းများအတိုင်း မိမိသွားရောက်ဖူးခြင်းမရှိပေ။ ကန့်ဘလူမှ ဧရာဝတီမြစ်၏ လကျာ်ဘက်ကမ်းပေါ်ရှိ မလယ်ကျေးရွာသို့ သွားရောက်လိုလျှင် ကန့်ဘလူမှ ရွှေဘိုသို့မီးရထားဖြင့်လည်းကောင်း၊ ရွှေဘိုမှ ဧရာဝတီမြစ်ကမ်းပေါ်ရှိ ကျောက်မြောင်းကျေးရွာသို့ မော်တော်ကားဖြင့်လည်းကောင်း၊ ကျောက်မြောင်းကျေးရွာမှ မလယ်ကျေးရွာသို့ ဧရာဝတီမြစ်ကိုဆန်တက်၍ ပြည်တွင်းရေကြောင်းလုပ်ငန်းပိုင်သင်္ဘောဖြင့်လည်းကောင်း သွားရသည်။ ယင်းရေကြောင်းခရီးလမ်းရှိ ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်တွင် အမည်ကျော်ကြားသော အညာသီဟတောစေတီနှင့် ဘုရားဆင်းတုတော်ရှိသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မန္တလေး-•မြစ်ကြီးနားသွား မီးရထားကိုသာ တစ်ခုတည်းသော ဆက်သွယ်ရေးလမ်းအဖြစ် မှီခိုအားထားအသုံးပြုနေကြရသည်။ မီးရထားလမ်းဘေးတွင် တည်ရှိခြင်းမရှိသော ကျေးရွာများသို့သွားရောက်လိုလျှင် အများအားဖြင့် နွားလှည်းများကိုသာ အသုံးပြုကြရသည်။ အချို့သောကျေးရွာများတွင် ငွေကြေးတတ်နိုင်သူများအနေဖြင့် မြင်းများမွေးထားပြီး တစ်ရွာနှင့်တစ်ရွာသွားလိုသောအခါ မြင်းစီး၍ သွားရောက်ခြင်းများလည်းရှိသည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ မီးရထားဘူတာရှိသော ကျေးရွာများမှာ ရွှေဘိုဘက်မှစ၍ အစဉ်အလိုက်ရေတွက်လျှင် ထန်းတပင်(ဇီးကုန်း)၊ ထန်းကုန်း၊ ကန့်ဘလူ (အမည်မမှတ်မိတော့သော) ကျွန်းလှလမ်းခွဲရှိကျေးရွာ၊ ချပ်သင်းနှင့် ကိုးထောင်ဘို့ကျေးရွာများဖြစ်သည်။ အဓိကဖြစ်သော မန္တလေး-• မြစ်ကြီးနားသွား လူစီးမီးရထားမှာလည်း တစ်နေ့လျှင် အစုန်နှင့်အဆန်နှစ်စင်းသာရှိသည်။ မန္တလေးမှထွက်လာသော အဆန်ရထားသည် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ကန့်ဘလူသို့ရောက်ရှိပြီး မြစ်ကြီးနားမှထွက်လာသော အစုန်ရထားမှာ ညသန်းခေါင်ကျော် တစ်နာရီဝန်းကျင်တွင် ကန့်ဘလူသို့ရောက်ရှိသည်။ ကျန်ရထားများမှာ ကုန်ရထားများဖြစ်ပြီး လူစီးတွဲအနည်းငယ်လည်းပါတတ်သည်။ အချိန်သတ်မှတ်၍ ထွက်ခြင်းမဟုတ်သဖြင့် ကြုံကြိုက်သလိုစီးရခြင်း ဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်း မီးရထားကိုသာ အဓိကအားကိုးပြီး သွားလာရသဖြင့် မီးရထားဝန်ထမ်းများဖြစ်ကြသော ရုံပိုင်များ၊ ဂတ်ဗိုလ်ခေါ် ရထားထိန်းများ၊ မီးရထားလက်မှတ်စစ်များမှာ သြဇာအာဏာရှိကြပြီး အပိုဝင်ငွေလည်းကောင်းသည်။ စက်ခေါင်းမောင်းသူများမှာမူ မျက်နှာမပွင့်ပေ၊ ၎င်းမှာ ၎င်း၏အလိုကျ မီးရထား မောင်းနှင်ထွက်ခွာခွင့်မရှိဘဲ ဆိုင်ရာရုံပိုင်နှင့် ရထားထိန်းတို့၏ ညွှန်ကြားမှုကိုလိုက်နာရသူဖြစ်သည်။ ၎င်း၏ အပိုဝင်ငွေမှာ ဒီဇယ်စက်ခေါင်းမောင်းသူဖြစ်ပါက သတ်မှတ်ပေးသော ဒီဇယ်မကုန်ဘဲလက်ကျန်များကို ပြင်ပတွင် ရောင်းချခြင်းဖြစ်သည်ဟု ပြောကြသည်။
တစ်ခါက ဘွဲ့ရလူငယ်တစ်ဦးက မီးရထားဌာနမှာ စာရေးရာထူးအတွက်လျှောက်ထားရာ သူ့ကို အကူလက်မှတ်စစ်ဆိုပြီး နေ့စားခန့်လိုက်သည်။ နောက်တစ်နှစ်လောက်ကြာတော့ သူ့ကိုမီးရထားရုံးမှာလစ်လပ်နေတဲ့ အထက်တန်းစာရေးရာထူးတွင်ခန့်ထားသည့် အမိန့်စာထွက်လာတော့ ၎င်းအလုပ်ကိုမယူတော့ဘူး။ အကူလက်မှတ်စစ်အဖြစ်ပဲ ဆက်လုပ်ပါရစေ၊ အဲလိုဆက်မလုပ်ရပါက အထက်တန်းစာရေးရာထူးကို မယူတော့ဘူးဟု ငြင်းကြောင်း ကြားသိရဖူးသည်။ တစ်ဆင့်ကြားစကားဖြစ်သော်လည်း အဖြစ်မှန်ဖြစ်ဖို့များပါသည်။ ဤမီးရထားလိုင်းတွင် လက်မှတ်မဝယ်ဘဲစီးသူများ အတော်များသည်ကိုတွေ့ရသည်။ မိမိရှေ့တွင်ပင်လက်မှတ်မဲ့အချို့ကို လက်မှတ်စစ်များက ဖမ်းဆီးသွားသည်ကို တွေ့ရသော်လည်း နယ်ပိုင်၊ မြို့ပိုင်ရုံးသို့ မီးရထားဥပဒေအရ တရားစွဲတင်သည်ကိုတော့မတွေ့ရပေ။ ကန့်ဘလူမြို့နယ်အတွင်း ဖြစ်ပွားသောအမှုဖြစ်၍ ကန့်ဘလူဘူတာတွင် ရဲလက်သို့ လွှဲပြောင်းပေးအပ်ရမည်ဖြစ်သော်လည်း မိမိတို့ ရုံးများသို့ မီးရထားလက်မှတ်မဲ့များကို တရားစွဲဆိုတင်ပို့မှု မရှိသလောက်ပင်ရှားသည်။ ကန့်ဘလူတွင် နှစ်နှစ်ကျော်မျှ မိမိတာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်းမီးရထားလက်မှတ်မဲ့ အမှုတစ်မှုကိုသာလျှင် မိမိစစ်ဆေးခဲ့ဖူးသည်။ နယ်ပိုင်ရုံးတွင် လက်မှတ်မဲ့ အမှုစွဲတင်သည်ကိုလည်း မတွေ့မိသလောက်ပင်ဖြစ်သည်။ လက်မှတ်မဲ့အမှုများကို မီးရထားပေါ်တွင်ပင် လက်မှတ်စစ်များကဒဏ်ငွေစီရင်လိုက်ပုံရသည်။ သို့သော် ယင်းဒဏ်ငွေများကိုတော့ မီးရထားဌာနကရမည်မဟုတ်ပေ။
ခရီးစရိတ်လက်စွဲအရ မိမိခရီးသွားလျှင် မီးရထားအထက်တန်းဖြင့် ခရီးသွားလာခွင့်ရှိပြီး ခရီးစရိတ် တောင်းခံရာ၌ အထက်တန်းမီးရထားခနှင့် နေ့တွက်စရိတ် သို့မဟုတ် နေ့တွက်စရိတ်မတောင်းခံဘဲ အထက်တန်း မီးရထားခ၏ တစ်ဆခွဲတောင်းခံခွင့် နှစ်မျိုးအနက် များရာခရီးစရိတ်ကို ခံစားခွင့်ရှိသည်။ သို့သော် မိမိမီးရထားဖြင့် ခရီးသွားသောအခါ ရိုးရိုးတန်းလက်မှတ်ဝယ်ယူပြီး မီးရထားရိုးရိုးတန်းဖြင့်ပင် လိုက်ပါလေ့ရှိသည်။ ခုံနေရာလွတ် မရှိလျှင်လည်း မတ်တပ်ရပ်၍ လိုက်ရသည်။ နေရာလွတ်သောအခါ ဝင်ထိုင်ရသည်။ တစ်ခါတစ်ရံ အထက်တန်းတွဲတွင် နေရာလစ်လပ်လျှင်တော့ ဝင်ထိုင်လိုက်သည်။ လက်မှတ်စစ်လာလျှင်တော့ အကျိုးအကြောင်းရှင်းပြရမည် ဖြစ်သော်လည်း တစ်ခါတစ်ရံ မိမိအထက်တန်းတွဲစီးသည့်အခါမှာတော့ လက်မှတ်လာစစ်သည်ကိုမကြုံဖူးခဲ့ပေ။ မိမိရောက်စက မီးရထားဖြင့် ခရီးထွက်မည်ဖြစ်၍ မိမိ၏ရုံးအကူအား အထက်တန်းမီးရထားလက်မှတ် ဝယ်ခိုင်းရာ ရုံးအကူကမျက်နှာပျက်နေပြီး ဘူတာတွင် လက်မှတ်ရောင်းသည့်နေရာသို့ထွက်သွားသည်။ မကြာမီပြန်လာ၍ အထက်တန်းထိုင်ခုံလွတ် မသေချာ၍ အထက်တန်းမီးရထားလက်မှတ် ဝယ်မရခဲ့ကြောင်းပြန်ပြောသည်။ မိမိက ရိုးရိုးတန်းလက်မှတ်ကိုပင် ဝယ်ပေးရန်ပြောရာ ရုံးအကူက "ဆရာ လက်မှတ်မဝယ်လည်း ရပါတယ်၊ လက်မှတ်စစ်တွေကို မြို့ပိုင်လို့ ကျွန်တော်ပြောထားပါမယ်" ဟူ၍ ပြန်ပြောသည်။ မိမိက ဝယ်သာဝယ်ပါဟုပြောသဖြင့် ရိုးရိုးတန်း လက်မှတ်ဝယ်လာပြီးပေးသည်။ နောင်တွင်လည်း မီးရထားဖြင့် ခရီးသွားလာသည့်အခါတိုင်း ဤသို့ပင် ရိုးရိုးတန်း လက်မှတ်ဖြင့်ပင်သွားလေ့ရှိသည်။
ရုံးအကူကမူ တစ်ကြိမ်တစ်ခါမှ လက်မှတ်ဝယ်သည်ကို မတွေ့ဖူးပေ။ မိမိကလည်း လက်မှတ်ဝယ်ရန် ၎င်းကိုတိုက်တွန်းခြင်းမရှိပေ။ ပြဿနာဖြစ်လျှင်တော့ သူ့ဟာသူရှင်းဟု သဘောထားလိုက်သည်။ သူ၏လုပ်သက်မှာ၂၅ နှစ်ကျော်လာပြီဖြစ်၍ လက်မှတ်မဝယ်ဘဲ မီးရထားစီးလာသည့်သက်တမ်းမှာလည်း ကြာမြင့်ခဲ့ပုံရသည်။သို့သော် မီးရထားလက်မှတ်မဝယ်သော်လည်း သူ၏ခရီးစရိတ်တောင်းခံလွှာမှာတော့ မီးရထားစီးခထည့်တောင်းသည်။ မိမိကလည်း ကန့်ကွက်ခြင်းမရှိဘဲသူ၏ ခရီးစရိတ်တောင်းခံလွှာကို လက်မှတ်ရေးထိုးပေးပါသည်။ သို့မဟုတ်လျှင်တော့ မိမိအား ကလန်ကဆန်လုပ်မည်လား မပြောတတ်ပေ။
မိမိသည် ကျေးရွာများသို့ ခရီးထွက်သည့်အခါတွင် မီးရထားဖြင့်သွားပြီးမှ မီးရထားလမ်းဘေးဝဲယာဘက်ရှိ ကျေးရွာများသို့ ခြေလျင်သွားရောက်ပါသည်။ သောင်းကျန်းသူမရှိသောဒေသဖြစ်၍ ခရီးသွားလျှင်လုံခြုံရေးအစောင့်အရှောက်မလိုပါ၊ မိမိနှင့် ရုံးအကူနှစ်ဦးတည်းသာဖြစ်သည်။ တစ်ခါတစ်ရံတွင် စာရေးတစ်ဦးလည်းပါတတ်သည်။ အချို့သောကျေးရွာများမှာ မီးရထားဘူတာရှိသော ကျေးရွာနှင့်မနီးသည့်အပြင် ဘူတာရှိရာကျေးရွာနှင့် ဆက်သွယ်သောလမ်းလည်းမရှိပါ။ ထိုကျေးရွာများသို့ သွားလိုသောအခါ ကုန်ရထားထိန်း၊ မီးရထားစက်ခေါင်းမောင်းသူတို့အား မည်သည့်ကျေးရွာအနီးရောက်သောအခါ ရထားကိုရပ်ခါနီးလောက်အထိ အရှိန်နှေးပေးရန် ကြိုတင်ပြောကြား၍ ညှိနှိုင်းထားရပါသည်။ ထိုအလုပ်ကို မိမိ၏ရုံးအကူက ဆောင်ရွက်ပါသည်။ သူသည်လုပ်သက် ၂၅ နှစ်ကျော်လာပြီဖြစ်၍ ကန့်ဘလူကိုဖြတ်သန်းသွားလာသော မီးရထားများ၏ ရထားထိန်းများ၊ ရထားစက်ခေါင်းမောင်းသူများနှင့် သိကျွမ်းနေသူဖြစ်ပါသည်။ မီးရထားထိန်းအများစုမှာ ကန့်ဘလူတွင် အခြေချနေထိုင်သူများလည်းဖြစ်ပါသည်။ မိမိတို့သွားလိုသော ကျေးရွာအနီးသို့ရောက်သောအခါ မီးရထားကရပ်ခါနီးလောက်အရှိန်လျှော့ပေးရာ မိမိနှင့် ရုံးအကူတို့က မီးရထားပေါ်မှခုန်ဆင်းပြီး ကျန်ရစ်ခဲ့ကြပါသည်။ သို့သော် ဤကဲ့သို့ နှစ်ကြိမ်သုံးကြိမ်လောက်သာ သွားဖူးပါသည်။ အပြန်ခရီးတွင်တော့ ထိုရွာသူ ရွာသားများနည်းတူ အနီးဆုံးဘူတာသို့သွားရောက်ပြီး မီးရထားစီးကြရပါသည်။
(ဆက်လက်ဖော်ပြပါမည်။)
















