တရုတ်နိုင်ငံကြားဝင်မှုဖြင့် ဆွေးနွေးလိုကြောင်း မြောက်ပိုင်းသုံးဖွဲ့ကမ်းလှမ်း

တရုတ်နိုင်ငံကြားဝင်မှုဖြင့် ဆွေးနွေးလိုကြောင်း မြောက်ပိုင်းသုံးဖွဲ့ကမ်းလှမ်း

အိမ်နီးချင်းတရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် မှုဖြင့် စစ်ရေးပဋိပက္ခများကို နိုင်ငံရေးနည်း လမ်းဖြင့် တွေ့ဆုံဆွေးနွေးရန်လိုလားကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ်အမည်ခံထား သည့် အေအေ၊ ကိုးကန့်နှင့် တအာင်းအဖွဲ့ တို့က သြဂုတ် ၂၉ ရက်က အရေးပေါ်သဘော ထားထုတ်ပြန်ခဲ့သည်။

အခိုင်အမာယုံကြည်

အချိန်ကြာမြင့်စွာရင်ဆိုင်နေရသော နိုင်ငံ ရေး၊ စစ်ရေးပြဿနာများကို ငြိမ်းချမ်းသည့် နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံအဖြေရှာ ခြင်းသည် အကောင်းဆုံးဖြစ်ပြီး တိုင်းရင်းသား ပြည်သူလူထုတို့၏ ဘဝလုံခြုံအေးချမ်းမှု အတွက်လည်း အကောင်းဆုံးနည်းလမ်းဖြစ် သည်ဟု ၎င်းတို့သုံးဖွဲ့အနေဖြင့် အခိုင်အမာ ယုံကြည်ကြောင်းလည်း ယင်းအရေးပေါ်ကြေ ညာချက်၌ ဖော်ပြထားသည်။ အမှန်တကယ် အပစ်အခတ်များရပ်စဲကာ စစ်မှန်သည့်တွေ့ဆုံ ဆွေးနွေးမှုဖြစ်လာစေရန် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှု၊ "ဝ" ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP`) ဦးဆောင်သော ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ ၏ နိုင်ငံရေးဦးဆောင်မှုနှင့်အတူ ၎င်းတို့သုံးဖွဲ့မှ အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်နှင့် ၎င်းတို့အကြား ငြိမ်းချမ်း ရေးဖြစ်စဉ် တိုးတက်မှုရလဒ်သည် တရုတ်–-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် တိုက် ရိုက်ပတ်သက်နေ၍ တရုတ်–-မြန်မာ နယ်စပ် တည်ငြိမ်ရေးရရှိရန် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့အနေဖြင့် အစွမ်းကုန်ကြိုးပမ်း သွားမည်ဟုလည်း ယင်းထုတ်ပြန်ချက်၌ ထည့် သွင်းဖော်ပြပါရှိသည်။

မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့သည် သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်နှင့် နောင်ချိုမြို့ များရှိနေရာငါးခုကို တစ်ပြိုင်တည်းတိုက်ခိုက် ခဲ့ပြီးနောက် မြန်မာ့တပ်မတော်က တစ်ဖက် သတ်အပစ်အခတ်ရပ်စဲရေးကြေညာထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ရာ အရပ်သား ၇၀ဝ၀ ကျော် စစ်ဘေးသင့်ခဲ့ရသည်။

တပ်မတော် နည်းပညာတက္ကသိုလ်အပါ အဝင်တံတားလေးစင်းကို ဖောက်ခွဲဖျက်ဆီးမှု များပြုလုပ်ပြီး တစ်ပတ်ခန့်အကြာတွင် တရုတ် အစိုးရသည် ၎င်းတို့မြောက်ပိုင်းသုံးဖွဲ့ကို ယူနန် ပြည်နယ် ကူမင်းမြို့သို့ဆင့်ခေါ်ကာ တိုက်ပွဲ များကြောင့် မတည်မငြိမ်ဖြစ်ခဲ့ရသည့် နယ်စပ် ဒေသ၌ ပြန်လည်တည်ငြိမ်မှုရှိရေး ဆောင် ရွက်ရန် ဖိအားပေးခဲ့သည်။

ကမ်းလှမ်းမှုပြုလုပ်

ယခု သြဂုတ်လကုန်တွင် ကျိုင်းတုံမြို့၌ ကေအိုင်အိုအပါအဝင် တအာင်း၊ အေအေနှင့် ကိုးကန့်တို့လေးဖွဲ့အား ပဏာမအပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးဆွေးနွေးရန် အစိုးရဘက်က ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင် ညှိနှိုင်းသူ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆမ် အောင်က ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များက ဆွေး နွေးပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ပြုလုပ်လို သော်လည်း တပ်မတော်ဘက်က ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပြည်ပနိုင်ငံများ၏လိုအပ်သည် ထက် ကျော်လွန်ပါဝင်မှုကို မလိုလားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး