ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက်

ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက်

ညဘက်ဆိုရင် ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာတောင် တော်ရုံနဲ့ အိပ်မပျော်သွားတတ်ဘူးလား၊ ဘာအကြောင်းမှ ခေါင်းထဲမှာတွေးနေတာမျိုးမရှိဘဲနဲ့တောင် စိတ်ကို ငြိမ်အောင်ထားလို့မရဘူးလား၊ အိပ်ဆေးသောက်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုတွေးပူနေလား။ 

ဒီလိုမျိုး အိပ်မပျော်တဲ့ညတွေ များလာပြီဆိုရင် အနှေးနဲ့ အမြန်ကျန်းမာရေးထိခိုက်လာမှာကိုသတိထားသင့်တယ်နော်။ ဒါကြောင့် ခုဆောင်းပါးမှာညဘက်တွေ အိပ်ပျော်ဖို့ ခဲယဉ်းတဲ့သူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။

ဒီနည်းလမ်းကတော့ သီချင်းစာသားမပါဘဲစိတ်ကိုလုံးဝအေးချမ်းသွားစေပြီးအာရုံတွေကိုလွင့်ပြယ်သွားစေလောက်မယ့် တီးလုံးတွေကိုနားဆင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုသီချင်းတွေကိုနားဆင်သင့်တာလဲ

တေးဂီတဆိုတာ ကျွန်တော်တို့ လူ့စိတ်အာရုံကိုရသမျိုးစုံပြောင်းလဲပေးနိုင်တဲ့ အစွမ်းအာနိသင်ပါဝင်ပါတယ်။ ကိုယ်နားထောင်လိုက်တဲ့ သီချင်းပေါ်မူတည်ပြီးအကောင်းအတိုင်း ဖြစ်နေတဲ့ စိတ်ကဝမ်းနည်းသွားတာမျိုး၊ တွေဝေသွားတာမျိုး၊ စိတ်ဓာတ်ကျနေတဲ့အချိန်ဆိုလည်းစိတ်အားပြန်တက်လာတာမျိုး၊ အဲ့လိုမျိုးစိတ်ခံစားချက်အပြောင်းအလဲများစွာကိုလျင်မြန်စွာ ဖြစ်စေတဲ့ ပဲ့ကိုင်ရှင်ဆိုလည်း  မမှားပါဘူး။

ခုပြောပြတဲ့ တီးလုံးတွေဟာသဘာဝလေတိုက်သံ၊ ရေစီးသံ၊ ရေစက်တဖျောက်ဖျောက် ကျတဲ့အသံ၊ လေတိုးတိုးလေး ချွန်လိုက်တဲ့အသံ၊ စန္ဒရားသံ၊ ပုလွေသံအစရှိသဖြင့် တီးလုံးချည်းသက်သက်ကိုထည့်သွင်းထားတာဖြစ်ပြီးနားထောင်တဲ့သူအတွက်လည်းစိတ်ဝိညာဉ်ကိုပျံ့လွင့်စေကာညစ်နေတဲ့စိတ်တွေ၊ စိတ်ဖိစီးမှုတွေကိုပြေလျော့စေပြီး ကြွက်သားညောင်းညာကိုက်ခဲတာကိုလည်းသက်သာစေနိုင်ပါတယ်။ အဓိကကတော့ ဦးနှောက်အာရုံကြောစနစ်ကိုတေးဂီတကသက်ရောက်မှုဖြစ်စေပြီးနားထောင်နေတဲ့လူကိုလျင်မြန်စွာအိပ်ပျော်နိုင်စေဖို့ ကူညီပေးပါတယ်။

အနည်းဆုံးတော့ ညတိုင်းအိပ်ဆေးသောက်ပြီးအိပ်နေရတဲ့အခါ ကြုံလာနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ၊ အိပ်ရေးပျက်တာများလေကိုယ်ခံအားနည်းလေ၊ ရောဂါတွေ ပိုဖြစ်လေစတဲ့အဖြစ်တွေနဲ့ ဝေးသွားနိုင်သလို အန္တရာယ်အကင်းဆုံးနဲ့ ကိုယ့်စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး ကောင်းစွာအိပ်စက်အနားယူနိုင်စေဖို့ ထိရောက်စွာကူညီပေးနိုင်တဲ့နည်းလမ်းဆိုလည်းမမှားပါဘူး

ဘာတွေ ပြင်ဆင်ဖို့လိုအပ်လဲ

၁။ အရင်ဆုံးကိုယ်အိပ်နေတဲ့အိပ်ခန်းသည် မှောင်နေပြီးအသံလုံကာတိတ်ဆိတ်နေဖို့ လိုပါတယ်။
၂။ မအိပ်ခင် ၂နာရီလောက်အလိုမှာ အစားကိုနောက်ဆုံးစားထားပါ။ အိပ်ချိန်နဲ့ ဝေးဝေးမှာစားလေပိုကောင်းလေပါပဲ။
၃။ ရေကိုလည်းအများကြီးမသောက်ပါနဲ့။ အာစွတ်ရုံလောက်ပဲသောက်ပေးပါ။
၄။ မအိပ်ခင်မှာစာအုပ်ဖတ်တာလောက်ပဲလုပ်ပါ။ ရုပ်ရှင်မကြည့်ပါနဲ့။ ဖုန်းမသုံးပါနဲ့။ အလုပ်တွေကိုလည်းခေတ္တခဏနားထားပါ။
၅။ အိပ်တော့မယ့်အချိန်မှာမီးတွေအားလုံးပိတ်ပြီးအခန်းကိုအေးမြနေအောင် အဲကွန်းဖွင့်ထားပေးပါ။
၆။ တေးဂီတကိုစတင်ဖွင့်ပြီးမျက်လုံးကိုမှိတ်ထားလိုက်ပါ။ နားကျပ်နဲ့ အသံတိုးတိုးဖွင့်ပြီးနားထောင်လို့လည်းအဆင်ပြေသလိုခပ်ဝေးဝေးမှာစပီကာနဲ့ အသံကျယ်ကျယ်ဖွင့်ထားလို့လည်းရပါတယ်။
၇။ အစပိုင်းမှာတေးဂီတသံအပေါ်မှာအာရုံစူးစိုက်ပြီးသူ့ရဲ့ တီးချက်တွေအတိုင်းစိတ်ကိုလွှတ်ချထားလိုက်ပါ။
၈။ သီချင်းသံနဲ့ အသားကျသွားတဲ့အခါမှာစိတ်ကလက်ရှိဖြစ်နေတဲ့အခြေအနေပေါ် သိပ်ပြီးအာရုံစူးစိုက်မိတော့မှာမဟုတ်ဘဲအတွေးတွေကသူ့ဘာသာပျံ့လွင့်သွားပါလိမ့်မယ်။
၉။ စိတ်ကတည်ငြိမ်ပြီးအေးချမ်းနေတဲ့အခါ နှလုံးခုန်သံရောအသက်ရှူသံပါ နှေးသွားမယ်။
၁၀။ ကိုယ်ခန္ဓာမှာရှိတဲ့ ကြွက်သားတွေကသူ့အလိုလိုပြေလျော့သွားပြီးအိပ်ချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။

ဒီလိုတေးသီချင်းတွေကိုYoutubeမှာအလွယ်တကူရှာပြီးဒေါင်းလို့ရတာမို့ ညဘက်အိပ်မပျော်တဲ့သူတွေအနေနဲ့ ဒီနည်းလမ်းကိုစမ်းလုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021