ဘီးခွန်/လိုင်စင်/ဆက်စပ်ပစ္စည်းများ အတုပြုလုပ်နေသူ ရှစ်ဦး ဖမ်းဆီးရမိ

ဘီးခွန်/လိုင်စင်/ဆက်စပ်ပစ္စည်းများ အတုပြုလုပ်နေသူ ရှစ်ဦး ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီးတွင် ဘီးခွန်/လိုင်စင်/ဆက်စပ်ပစ္စည်းများနှင့် စာရွက်စာတမ်းအတုပြုလုပ်နေ သူ ရှစ်ဦးကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၃၀ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
သြဂုတ် ၂၈ ရက် ည ၇ နာရီခွဲအချိန်တွင်  မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်၊ ထုံးဘို-မြစ်ငယ် တန်ပိုဂိတ်တွင် ဘီးခွန်စစ်ဆေးဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ အဆိုပါယာဉ်၏ဘီးခွန်မှာ အတုပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့အပါဝင် ပူးပေါင်း အဖွဲ့ဝင်များက  စစ်ဆေးမေးမြန်းရာ ဘီးခွန်/ လိုင်စင်/ ဆက်စပ်ပစ္စည်းများနှင့် စာရွက်စာတမ်းပြုလုပ်ပေးသူမှာ ဦးဝင်းအောင်(ခ)ဦးဝင်းဆိုသူ ဖြစ်ကြောင်း သိရသည်။
ထိုသို့သတင်းရရှိထားချက်အရ ဦးဝင်းအောင်(ခ)ဦးဝင်းအား ဖမ်းဆီးနိုင်ရန်အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက အသွင်ယူကာ ၇၈ လမ်းနှင့် သာယာဝတီမင်းကြီးလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်သို့ ချိန်းဆိုခဲ့ပြီး  ဦးဝင်းအောင်(ခ) ဦးဝင်းရောက်ရှိလာစဉ် ဖမ်းဆီးစစ်ဆေးခဲ့သည်။
၎င်း၏ လွယ်အိတ်အတွင်းမှ ဘီးခွန်စာရွက်(၆)ရွက်၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်စာတမ်းပါ ပန်းရောင်စာရွက် (အလွတ်)၊ နောက်တွဲယာဉ် TRAILER မှတ်ပုံတင် သက်သေခံလက်မှတ်စာရွက်စာတမ်းပါ စာရွက်အလွတ်၊ ယာဉ်သက်သေခံ စတေကာ(၂)ရွက်၊ ခဲခြစ်စာရွက်(၁)ရွက်၊ ဟိုဆိုဂရမ်(ရောင်ပြန် စတေကာ)များ၊ အခြားဆက်စပ် စာရွက်စာတမ်းအတုများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်စပ်ဖော်ထုတ်ချက်များအရ အမှုတွင်ပါဝင်သည်ဆိုသူ မိုးမခ(ခ)မိုးမင်း၊ မိုးမခညီ(ခ)မြတ်မင်းသော်တို့အား ၇၈ လမ်းမပေါ်ရှိ လက်ဖက်ရည်ဆိုင်၌ သက်သေခံစာရွက် စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းကို ဆက်လက်စစ်ဆေးခဲ့ရာ  ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်ရှိ ဘုန်းကြီးကျောင်းမှ ရရှိကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က သြဂုတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်အချိန်တွင် ပြည်ကြီးတံခွန် မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့သည်။
အဆိုပါကျောင်းတွင်  ခိုင်ဇော်ထွန်း(ခ)ဖက်တီး၊ မျိုးသူရဇော်(ခ)မျိုးလေးနှင့် ကိုဝင်းထိန်(ခ) ဝင်းအောင်ကို တို့ (၃)ဦးတို့ကို ဖောင်းကြွစာလုံးများဖြင့် ပြုလုပ်ထားသည့် မော်တော်ယာဉ် နံပါတ်ပြားများ၊ မော်တော်ယာဉ်နံပါတ်ပြား ခဲသီးနတ်တိုင်များ၊ မြန်မာ့အာမခံလုပ်ငန်းတံဆိပ် အမှတ် အသားပါ စာအုပ်များ၊ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်မျက်နှာဖုံးများ၊ ရောင်ပြန် စတစ်ကာ ကညန တံဆိပ်ပါ ရွှေရောင်ပြန်စတစ်ကာများ၊ မန္တလေး/ရန်ကုန် မြို့တော်စည်ပင်သာယာ ဘီးခွန်ကောက် တံဆိပ်ပါ စာရွက်များ၊ အခြားစာရွက်စာတမ်း အတုများ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့