မက်ဆီနှင့် စီရိုနယ်ဒိုတို့ကို မဲအပြတ်အသတ်ဖြင့်ကျော်ဖြတ်ပြီး ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဗန်ဒစ်ဆွတ်ခူး

မက်ဆီနှင့် စီရိုနယ်ဒိုတို့ကို မဲအပြတ်အသတ်ဖြင့်ကျော်ဖြတ်ပြီး ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဗန်ဒစ်ဆွတ်ခူး

၂ဝ၁၈-၁၉ ဘောလုံးရာသီတွင် လီဗာပူးအသင်း ချန်ပီယံလိဂ်ဆုဖလား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ရာ ခံစစ်၌ အားကြိုးမာန်တက်ကစားပြီး ခြေစွမ်းပြခဲ့သော နယ်သာ လန်နောက်ခံလူ ဗန်ဒစ်သည် ၂ဝ၁၈-၁၉ ဥရောပတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။

ဆုပေးပွဲအခမ်းအနားကို မိုနာကို၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗန်ဒစ်မှာ ဆုရရှိရန်အတွက် ပြိုင်ဘက် များဖြစ်သည့် မက်ဆီနှင့်စီရိုနယ်ဒိုကို မဲအပြတ်အသတ် ဖြတ်ထားနိုင်ခဲ့သည်။

အကောင်းဆုံးဆုအတွက် ယမန်နှစ် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တွင် ပါဝင်ခဲ့ကြသည့် အသင်း ၈ဝ မှ နည်းပြကိုယ်စီနှင့် ဥရောပစပို့စ်မီဒီယာမှ ဂျာနယ် လစ် ၅၅ ဦးတို့က မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဗန်ဒစ် သည် မဲအရေအတွက် ၃ဝ၅ မဲရရှိခဲ့ပြီး မက်ဆီမှာ ၂ဝ၇ မဲ၊ စီရိုနယ်ဒိုမှာ ၇၄ မဲသာရရှိခဲ့သည်။ အသက် ၂၈ နှစ် အရွယ် နောက်ခံလူဗန်ဒစ်သည် ယမန်နှစ်က ပြည်တွင်းပွဲ ၃၈ ပွဲကစားခဲ့ရာ လေးဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုနှစ်ကြိမ်ပြု လုပ်နိုင်ခဲ့သည်။

ဗန်ဒစ်သည် ယမန်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၂ ပွဲကစားခဲ့ရာ နှစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။

နောက်ခံကစားသမားတစ်ဦးအနေဖြင့် ဥရောပတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့သော ဗန်ဒစ် က ၄င်းတစ်ယောက်တည်းမဟုတ်ဘဲ အားလုံးကြိုးစားခဲ့ကြ၍ ယခုကဲ့သို့ဆုရခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂ဝ၁၉ ဥရောပတစ်နှစ်တာ အမျိုးသမီးအကောင်းဆုံး ကစားသမားဆုကို အင်္ဂလန်ကစားသမား လူစီဘရွန်ဇီက ရရှိခဲ့သည်။ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို လည်း လီဗာပူးဂိုးသမား အယ်လစ်ဆန်က ရရှိခဲ့သည်။

တစ်နှစ်တာအကောင်းဆုံး နောက်ခံကစားသမားအဖြစ် ဗန်ဒစ်၊ ကွင်းလယ်ကစားသမားအဖြစ် ဒီဂျောင်နှင့် တိုက်စစ် မှူးအဖြစ် မက်ဆီတို့ သတ်မှတ်ခံခဲ့ရသည်။ စိရိုနယ်ဒိုသည် ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို သုံးကြိမ် ရရှိထားပြီး မက်ဆီမှာ နှစ်ကြိမ်ရထားသော်လည်း ကစား သမားနှစ်ဦးစလုံး နှစ်နှစ်ဆက်ဆုလွဲခဲ့သည်။



ဖတ်ရှုမှုအများဆုံး