ပထွေးက လေးနှစ်ကလေးကို ဓမ္မတာနှင့်ဆန့်ကျင်အဓမ္မပြုကျင့်

ပထွေးက လေးနှစ်ကလေးကို ဓမ္မတာနှင့်ဆန့်ကျင်အဓမ္မပြုကျင့်

ရေနံချောင်းမြို့နယ်တွင် ပထွေးဖြစ်သူက အသက် ၄ နှစ်အရွယ်ကလေးငယ်ကို ဓမ္မတာနှင့်ဆန့်ကျင်ကာ အဓမ္မပြုကျင့်ခဲ့မှုသြဂုတ် ၃၀ရက်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သက်ဆိုင်ရာသို့တိုင်ကြားသူ တရားလိုအမျိုးသမီးသည် အဆိုပါနေ့ နံနက် ၆ နာရီတွင် ၎င်း၏ နောက်အိမ်ထောင်ဖြစ်သူ ကိုညိုတုတ်(ခ)ကျော်နိုင်နှင့် ဝါးအပြန် (၂၀)အကွာခန့်ဝေးကွာသည့် ပဲခင်းသို့ မြေပဲစွတ်ရန် သွားရောက်ခဲ့သည်။

ထို့နောက်ကိုညိုတုတ်(ခ)ကျော်နိုင်မှာ မွန်းတည့် ၁၂ နာရီခန့်တွင် ကွမ်းယာဝယ်သွားမည်ဟုပြောကာထွက်သွားခဲ့ရာမှ ညနေ ၄နာရီခန့်တွင် မြေပဲစွတ်သည့်နေရာ ယာခင်းထဲသို့ ပြန်ရောက်လာခဲ့သည်။

တိုင်ကြားသူ တရားလိုအမျိုးသမီးက မသင်္ကာ၍ နေအိမ်တဲသို့ပြန်သွားကြည့်ခဲ့ရာ ယခင်အိမ်ထောင်နှင့်မွေးခဲ့သည့် လေးနှစ်အရွယ် သမီးက ဖင်နာနေသည်ဟုပြောသဖြင့် မေးမြန်းရာ ပထွေးတော်စပ်သူ ညိုတုတ်(ခ)ကျော်နိုင်က ဓမ္မတာနှင့် ဆန့်ကျင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိခဲ့သောကြောင့် အရေးယူပေးရန်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

လက်မှတ်ကုန်းနယ်မြေရဲစခန်းက(ပ)၉၄/၁၉၊ရာဇသတ် ကြီးဥပဒေပုဒ်မ၃၇၇အရအမှုဖွင့်ကာ ကလေးငယ်ကို ရေနံချောင်းမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ညိုတုတ်(ခ)ကျော်နိုင်ကို အဆိုပါနေ့ ည ၉ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။