မိတ္ထီလာမြို့နယ်တွင် ရဲတပ်သားချင်းရန်ဖြစ်ပြီး လက်သီးဖြင့်ထိုးရာမှ တစ်ဦးသေဆုံးမှုကို သြဂုတ် ၃၀ ရက်တွင် အမှုဖွင့်အရေးယူထားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ္ထီလာမြို့အလည်ရွာရဲကင်းစခန်းဝင်းနေ ရဲတပ်သားတင်စိုးဝေ၏ ဇနီးဖြစ်သူ မဟန်နီချိုက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ သြဂုတ်၂၉ရက်နံနက်၁၀နာရီခန့်တွင် မဟန်နီချိုသည်ခင်ပွန်းဖြစ်သူ ရဲတပ်သားတင်စိုးဝေအပါအဝင် ရဲတပ်သားမျိုးကိုကို၊ ထွန်းထွန်းလင်းတို့နှင့်အတူ မိတ္ထီလာမြို့နယ်တရားရုံး၌လက်နက်မှုကိုတရားစွဲတင်ရန် တာဝန်ဖြင့်သွားရောက်ခဲ့သည်။
စခန်းမှူးက တရားရုံးတွင်အမှုတရားစွဲတင်ရန်ဆောင်ရွက်နေစဉ် ခင်ပွန်းရဲတပ်သားတင်စိုးဝေနှင့် ရဲတပ်သားမျိုးကိုကို၊ ထွန်းထွန်းလင်းတို့သည် အလည်ရွာရဲကင်းစခန်းသို့ပြန်လာခဲ့ပြီး နန်းတော်ကုန်းရပ်ကွက်ရှိရှမ်းခမောက်ထမင်းဆိုင်၌ ထမင်းစားကာ ရဲတပ်သားတင်စိုးဝေက Grand Royal အရက်ရှစ်ပက်သောက်ခဲ့သည်။
ရဲတပ်သားမျိုးကိုကိုက ထမင်းစားပြီးနောက် စခန်းမှူးကို လိုအပ်သည်များဆောင်ရွက်ပေးရန် တရားရုံးသို့ပြန်သွားခဲ့ပြီး ရဲတပ်သားတင်စိုးဝေနှင့် ရဲတပ်သားထွန်းထွန်းလင်းတို့က ဆိုင်ကယ်ဖြင့် ရဲကင်းစခန်းသို့ပြန်လာရာ ညနေ ၆ နာရီ ၁၅မိနစ်တွင် ရောက်ရှိခဲ့သည်။
အရက်မူးပြီး ကင်းရုံတွင်အိပ်နေသည့် ခင်ပွန်းဖြစ်သူ ရဲတပ်သားတင်စိုးဝေကို နေအိမ်ပြန်ရန် မဟန်နီချိုက သွားရောက်နှိုးခဲ့သည်။ ခင်ပွန်းက အိပ်ယာမှထလာပြီး ကင်းအလှည့်ကျတာဝန်ဆောင်ရွက်နေသောရဲတပ်သားအောင်စိုးမင်းကို လက်သီးနှင့်ထိုးရာ အောင်စိုးမင်းကလည်း တင်စိုးဝေ၏နောက်ကျောကို လက်သီးနှင့်ပြန်လည်ထိုးခဲ့သောကြောင့် တင်စိုးဝေမှာ ကင်းရုံအတွင်းမှောက်လျက်လဲကျသွားခဲ့သည်။
တင်စိုးဝေ၏ဇနီးမဟန်နီချိုက လဲကျသွားသည့်ခင်ပွန်းကိုအလည်ရွာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်းတင်ပို့စဉ် ည ၇ နာရီ ၁၅ မိနစ်တွင် သေဆုံးခဲ့သည်။ခင်ပွန်းကို အသက်သေဆုံးသည်အထိ လက်သီးနှင့်ထိုးသူ ရဲတပ်သားအောင်စိုးမင်းကို အရေးယူပေးရန်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
အလည်ရွာရဲကင်းစခန်းက(ပ)၃၀/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။
















