တပ်မတော်၏ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးလေးကြိမ်မြောက်သက်တမ်းထပ်မံတိုး

တပ်မတော်၏ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးလေးကြိမ်မြောက်သက်တမ်းထပ်မံတိုး

စစ်တိုင်းဒေသငါးခုတွင် တပ်မတော်၏ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကြေညာမှုကို စက်တင်ဘာ ၂၁ ရက်အထိ လေးကြိမ်မြောက်အဖြစ်သက်တမ်းထပ်တိုးလိုက်ကြောင်းတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သြဂုတ် ၃၁ ရက်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

''ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းအားလုံးရဲ့လုပ်ငန်းစဉ်တွေပေါ်မှာယုံကြည်မှုအပြည့်အဝနဲ့ဆောင်ရွက်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနဲ့လက်ရှိဆွေးနွေးနေတဲ့အခြေအနေတွေကို ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

တပ်မတော်အနေဖြင့် လွန်ခဲ့သည့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ရက်မှစတင်ကာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံတိုင်းစစ်ဌာနချုပ်နယ်မြေ စသည့်စစ်တိုင်းဒေသငါးခုတွင် ပထမဆုံးအကြိမ်အဖြစ် လေးလကြာစစ်ရပ်စဲကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ယခုအခါ တပ်မတော်၏အပစ်အခတ်ရပ်စဲရေးကာလမှာ ကိုးလနီးပါးရှိပြီဖြစ်သည်။

အစိုးရနှင့် ကေအိုင်အေ၊ အေအေ၊ တအာင်းနှင့်ကိုးကန့်အဖွဲ့တို့သည်သြဂုတ် ၃၁ ရက်ကကျိုင်းတုံမြို့၌တွေ့ဆုံခဲ့ပြီး လာမည့်စက်တင်ဘာ၁၆ ရက်နှင့် ၁၇ ရက်များတွင်ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုရလဒ်သည် နောက်ထပ်တပ်မတော်၏ ငါးကြိမ်မြောက်အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးမှုရှိမရှိနှင့် သက်ဆိုင်မှုရှိသည်ဟုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး