၂ဝ၁၇ ခုနှစ် သြဂုတ်အတွင်းဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်၌ တပ်မတော်က တုံ့ပြန်မှုများဆောင်ရွက်ရာတွင် ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့၌ စည်းကမ်းလိုက်နာမှုအားနည်းခဲ့ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သြဂုတ် ၃၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
တပ်မတော်နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့်ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော်ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး(Court of Inquiry)အဖွဲ့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေတွင် ၂ဝ၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်မှ သြဂုတ် ၅ ရက်အထိ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးခုံရုံးကစစ်ဆေးခဲ့သည့် နှစ်ကြိမ်အတွင်း စစ်ဆေးတွေ့ရှိချက်များအရဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အားနည်းခဲ့သဖြင့် စစ်စည်းကမ်းအရအရေးယူရန် အခြေအနေပေါ်ပေါက်ကြောင်း တွေ့ရှိခဲ့ကြောင်း၊ထို့ကြောင့် စစ်တရားရုံး(Court- Martial)ဖြင့် ဆက်လက်စစ်ဆေးစီရင်နိုင်ရေး စစ်ဘက်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းယင်းသတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
စုံစမ်းစစ်ဆေးရေးခုံရုံးအနေဖြင့် ကျန်ရှိနေသေးသည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။















