လီဗာပူးသည် သြဂုတ် ၃၁ ရက်က ပရီးမီး ယားလိဂ်ပွဲစဉ် (၄) အဖြစ် ဘန်လေကွင်းတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ၃ ဂိုး ဂိုးမရှိဖြင့် အနိုင် ရခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၁၃ ပွဲဆက် တိုက် အနိုင်ရသည့်စံချိန်မှတ်တမ်းတစ်ခု ပိုင် ဆိုင်ခဲ့သည်။
လီဗာပူးနည်းပြကလော့ပ်သည် ဆာလက်ချ်၊ မာနေး၊ ဖာမီနို၊ ဟန်ဒါဆန်၊ ဖာ ဗင်ဟို၊ ဝစ်နယ်ဒန်အစရှိသော ကစားသမား များကို ပွဲထုတ်အသုံးပြုခဲ့သည်။ လီဗာပူးသည် ပွဲချိန် ၃၃ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး ခရစ္စ ဝုဒ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့၍ ပထမဂိုး စရခဲ့သည်။
လီဗာပူးသည် ဘန်လေအားဖိအား ပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၇ မိနစ်တွင် မာနေး က အသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။ လီဗာပူးအတွက်အပိတ်ဂိုးကို ဘရာဇီးတိုက် စစ်မှူးဖာမီနိုက မိနစ် ၈၀ တွင်သွင်းယူပေးခဲ့ ၍ ၃ ဂိုးပြတ်အနိုင်ရခဲ့သည်။
လီဗာပူးသည် ၁၉၉၀ ပြည့်နှစ်က ဒဲလ် ဂလစ်ရှ်လက်ထက် ပရီးမီးယားလိဂ် ၁၂ ပွဲ ဆက်တိုက်သာ အနိုင်ရဖူးသော်လည်း နည်းပြ ကလော့ပ်လက်ထက် ပထမဆုံးအကြိမ် ၁၃ ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။
ဂိုးသွင်းပေးနိုင် ခဲ့သော တိုက်စစ်မှူးဖာမီနိုမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမဆုံး ဂိုး ၅၀ ပြည့်ခဲ့သော ဘရာဇီးကစားသမားအဖြစ် မှတ် တမ်းဝင်ခဲ့သည်။ လီဗာပူးအတွက် ဂိုးသွင်းပေး ခဲ့သော တောင်ပံတိုက်စစ်မှူးမာနေးမှာ ပွဲချိန် ၈၅ မိနစ်တွင် လူစားလဲခံခဲ့ရ၍ ဒေါသပေါက်ကွဲ ခဲ့သည်။
မာနေးသည် လူစားလဲမခံရမီ ဂိုးသွင်း နိုင်ရန် အခွင့်အရေးရှိခဲ့သော်လည်း ဆာလက်ချ် က ဘောလုံးချမပေးဘဲ ကိုယ်ကိုယ်တိုင်ကန် သွင်းခဲ့၍ ဆီနီဂေါကစားသမားမှာ ဒေါသထွက် ခဲ့ရသည်။
လူစားလဲခံရပြီးနောက် ဒေါသပေါက်ကွဲခဲ့ သည့် မာနေးနှင့်ပတ်သက်၍ နည်းပြကလော့ပ် က မာနေးမှာ စိတ်ခံစားမှုရှိသည့် ကစားသမား တစ်ဦးဖြစ်ကြောင်း မည်သည့်ပြဿနာမျှမရှိ ဟု ပြန်လည်ရှင်းလင်းခဲ့သည်။
လီဗာပူးသည် အဆင့် ၁ နေရာမှဦးဆောင်နေပြီး လာမည့် စက်တင်ဘာ ၁၄ ရက်၌ ပွဲစဉ် (၅) အဖြစ် နယူးကာဆယ်နှင့် ကစားရမည်ဖြစ်သည်။















