လွိုင်ကော်မြို့နယ်တွင် အရက်မူးပြီးဆဲဆိုကြိမ်းမောင်းသည့် အစ်မ၏ခင်ပွန်းကို မောင်ဖြစ်သူက ဓားဖြင့်ထိုးသတ်မှုအား သက်ဆိုင်ရာက ဩဂုတ် ၃၁ရက်၌ အမှုဖွင့်အရေးယူထားသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက်ည ၉ နာရီခန့်တွင် လွိုင်ကော်မြို့ လော့ဓမ္မရပ်ကွက်နေ မမို့မို့အောင် နေအိမ်၌ ရှိနေစဉ် ခင်ပွန်းဖြစ်သူ အောင်ဆန်းဦး(၂၁ နှစ်)မှာ နေအိမ်ရှေ့တွင် ရာအိမ်မှူး ဦးဝင်းချိုနှင့်အတူ အရက်သောက်နေခဲ့သည်။
ခင်ပွန်းဖြစ်သူ အောင်ဆန်းဦးက အရက်မူးကာ ကတ်ကြေးကိုင်၍ ဇနီးနှင့် မိခင်ဖြစ်သူတို့အား နင်တို့အားလုံးကို သတ်ပစ်မယ်ဟု ကြိမ်းမောင်းပြော ဆိုနေသောကြောင့် ရပ်ကွက်အတွင်းရှိ နွားခြံတွင် အလုပ်လုပ်ကိုင်နေသည့် မောင်ဖြစ်သူ အောင်အောင်(ခ)လောဒူဂ (၂၇ နှစ်)ကို ဖုန်းဆက်ပြောကြားခဲ့သည်။
မောင်ဖြစ်သူက နေအိမ်သို့ သြဂုတ် ၃၁ ရက် နံနက် ၇ နာရီတွင် ပြန်ရောက်လာကာ နေအိမ်အောက်မှနေ၍ ငါ့အမေနဲ့ငါ့အစ်မကို ဘာလို့ဆဲတာလဲဟု မောင်ဖြစ်သူ၏ ပြောဆိုသံကို ၎င်း၏အစ်မ မမို့မို့အောင်က ကြားရသဖြင့် ဆင်းကြည့်ခဲ့သည်။
ထို့နောက် နေအိမ်ရှေ့တွင် မောင်ဖြစ်သူက ခင်ပွန်းဖြစ်သူကို ဓားဖြင့် (၃/၄)ချက်ခန့် ထိုးလိုက်သည်ကို မမို့မို့အောင်က တွေ့မြင်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကို ရာအိမ်မှူး ဦးဝင်းချိုက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူ အောင်ဆန်းဦးတွင် ဝဲရင်အုံထိုးသွင်း၊ဝဲဘက်နံဘေးထိုးသွင်း၊ဝဲဘက်လက်ဖျံထိုးသွင်း၊ဝဲလက်ခုံပြတ်ရှဒဏ်ရာများရရှိသေဆုံးခဲ့သောကြောင့် မောင်ဖြစ်သူကို အရေးယူပေးရန် တိုင်ကြားခဲ့ သည်။
လွိုင်ကော်မြို့မရဲစခန်းက(ပ)၄၃၉/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အောင်အောင်(ခ)လောဒူဂကို ဖမ်းဆီးအရေးယူထားသည်။

















