ဉာဏ်ရည်နိမ့်ပါးသူအမျိုးသမီး အဓမ္မပြုကျင့်ခံရ

ဉာဏ်ရည်နိမ့်ပါးသူအမျိုးသမီး အဓမ္မပြုကျင့်ခံရ

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် အသက် ၃၀ အရွယ် ဉာဏ်ရည်နိမ့်ပါးသူအမျိုးသမီးကို တစ်လမ်းတည်းနေထိုင်သူက အဓမ္မပြုကျင့်ခဲ့မှုအား ရဲတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်တွင် အမှုဖွင့်အရေးယူထားသည်။
 

အဆိုပါနေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ အသက် ၈၂ နှစ်အရွယ် အမျိုးသားက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုင်ကြားရာတွင် အသက် ၃၀ အရွယ် မသန်စွမ်း၊ ဆွံအ၊ ဉာဏ်ရည်နိမ့်ပါးသည့် ၎င်း၏သမီးဖြစ်သူသည် ဇူလိုင် ၅ ရက်က နေအိမ်၌ အော့အန်နေသဖြင့် မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းရာ လွန်ခဲ့သောတစ်လခန့် ရက်မမှတ်မိသည့် ည ၉ နာရီအချိန်တွင် တစ်လမ်းတည်းမျက်နှာချင်းဆိုင်အိမ်နေ အိမ်ထောင်ရှိသူ သန်းဇော်(ခ)သန်းဇော်ဦး (၄၅)နှစ်က ခေါက်ဆွဲကြော် ဝယ်ကျွေးမည်ဟုပြောဆို၍ သမီးဖြစ်သူကို ၎င်း၏နေအိမ်သို့ခေါ်သွားပြီး အိမ်ခန်းအတွင်း အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူ၏ပြောပြချက်အရ သိရှိခဲ့သည်။

အဆိုပါကိစ္စကို ပြန်ပြောပါက သတ်ပစ်မည်ဟု ပြောဆိုခဲ့ကြောင်းသိရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၁ ရက်တွင် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်းက (ပ) ၃၅၉၃/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရအမှုဖွင့်ကာ ကျူးလွန်သူကို ဖမ်းဆီးအရေးယူထားသည်။