ဗိုလ်တထောင်ဘုရားဆံတော်တိုက်အတွင်း အလှူခံပုံးမှ ငွေများကို သွပ်နန်းကြိုးဖြင့် ဆွဲထုတ်ခိုးယူနေသူကို လုံခြုံရေးအဖွဲ့ဝင်များက စက်တင်ဘာ ၁ ရက်တွင် စီစီတီဗီမှတ်တမ်းများအရ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီ၏ ဆံတော်တိုက်အတွင်းသို့ ထည့်သည့် အလှူခံပုံးအတွင်းမှ ငွေများကို သွပ်နန်း ကြိုးဖြင့်ချိတ်၍ ခိုးယူနေသဖြင့် စီစီတီဗီမှတ်တမ်းအရ လုံခြုံရေးတပ်သား ဦးကောင်းကိုကိုကသွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ဘုရားဖူးလာသူတစ်ဦးသည် ဘုရားဖူးလာပြည်သူများက လှူဒါန်းသည့် အလှူငွေများကို အလှူခံပုံးအတွင်းသို့ ထည့်ပေးမည်ပြုလုပ်၍ အလှူခံပုံး၏ အလှူငွေထည့်သည့် အပေါက်မှ အတွင်းသို့ ဝင်အောင်မထည့်ဘဲ အလှူခံပုံးအပေါက်ဝတွင်ချန်ထားပြီး ၎င်းတွင် အသင့် ပါလာသော သွပ်နန်းကြိုးဖြင့်ချိတ်၍ ပြန်လည်ဆွဲထုတ် ခိုးယူနေသည်ကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် ၎င်းကိုထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့ ရာအလှူငွေများကို ဆွဲထုတ်ခိုးယူနေသူမှာ အင်းစိန်မြို့နယ်နေ စည်သူ (၂၅)နှစ် ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
၎င်းဝတ်ဆင်ထားသည့် အဖြူရောင်စတစ်ကော်လံ အင်္ကျီလက်ရှည်၏ ဝဲဘက်အိတ်ကပ်အတွင်းမှ အများပြည်သူလှူဒါန်းထားသောငွေစက္ကူရောရာ ၄၃၅၀ ကျပ်နှင့် ၎င်းလွယ်ထားသော အဖြူရောင် ဘေးအိတ်အတွင်းမှ ချိတ်ပုံသဏ္ဌာန်ပြုလုပ်ထားသည့် အရှည် တစ်ပေခန့်ရှိ သွပ်နန့်ကြိုးတစ်ချောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဆိပ်ကမ်းမြို့မရဲစခန်းက(ပ) ၃၆၃/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ ၎င်းကို အမှုဖွင့်အရေးယူထားသည်။

















