လာမည့်ရာသီ ရန်ကုန်ယူနိုက်တက်အား AIA ကုမ္ပဏီ စပွန်ဆာပေးမည်

လာမည့်ရာသီ ရန်ကုန်ယူနိုက်တက်အား AIA ကုမ္ပဏီ စပွန်ဆာပေးမည်

အင်္ဂလန်ပရီးမီးယားလိဂ် ကလပ် စပါးအသင်းအား ဂျာစီစပွန်ဆာပေးနေသည့် AIAကုမ္ပဏီ က နေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရန်ကုန်ယူနိုက်တက်အား လာမည့်ရာသီ၌ စပွန်ဆာပေးမည် ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်စီအီးအို ဦးရာဇာထွေးက ထုတ်ဖော်ပြောဆိုခဲ့သည်။

သဘောတူညီ

ရန်ကုန်ယူနိုက်တက်နှင့် AIA ကုမ္ပဏီတို့ စပွန်ဆာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယခုလအတွင်းပြုလုပ်နိုင်ရန် သဘောတူထားပြီး ရက်အတိအကျကို ထပ်မံသတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

" AIA နဲ့ CO: Sponsor စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရပြီးပါပြီ။ ဒီလနောက်ဆုံးအပတ်မှာ စာချုပ်ချုပ်ဆိုဖို့ရှိပါတယ်။ ရက်အတိအကျကတော့ အတည်ပြုလို့မရသေးပါဘူး" ဟု ဦးရာဇာထွေးက ပြောဆိုခဲ့သည်။

အကျိုးတူပူးပေါင်း

ရန်ကုန်ယူနိုက်တက်အသင်းသည် AIA နှင့် နှစ်ဖက်သဘောတူစာချုပ်ချုပ်ပြီးပါက စပါးအသင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်ပါ ညှိနှိုင်းမည်ဖြစ်ပြီး မိတ်ဖက်ကလပ်ပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။

" AIA ကနေတစ်ဆင့် စပါးအသင်းနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ချိတ်ဆက်သွားမှာပါ။ လာမယ့်နှစ်ကစပြီး သူတို့ဆီက နည်းပြတွေလာပြီးတော့ ရန်ကုန်ယူနိုက်တက်နည်းပြအဖွဲ့ကို နည်းစနစ်တွေ သင်ကြားပေးဖို့ အစီအစဉ်ရှိတယ်။ နောက်တစ်ဆင့်အနေနဲ့ ရန်ကုန်ယူနိုက်တက် ကစားသမားတွေ စပါးအသင်းမှာ လေ့ကျင့်ဖို့အစီအစဉ်တွေလည်းရှိပါတယ်။ ကျွန်တော်တို့ အစီအစဉ်တွေကို AIA Myanmar စီအီးအိုနဲ့ ဆွေးနွေးထားပါတယ်။ နောက်ထပ်အသေးစိတ်ဆွေးနွေးဖို့လည်း ရှိပါတယ်" ဟု ဦးရာဇာထွေးက ရှင်းပြခဲ့သည်။

ဟောင်ကောင်အခြေစိုက် AIA ကုမ္ပဏီသည် တော့တင်ဟမ်ဟော့စပါးအသင်းကို ၂၀၁၃ခုနှစ်ကတည်းက ဂျာစီစပွန်ဆာပေးခဲ့ပြီး ယခုနှစ်ဇူလိုင်က ပေါင် ၃၂၀ သန်းတန်ကြေးရှိ သက်တမ်းတိုးစာချုပ်ကို ၂၀၂၇ခုနှစ်အထိ ချုပ်ဆိုနိုင်ခဲ့သည်။

ရာနှုန်းပြည့်

AIA အာမခံကုမ္ပဏီသည် မြန်မာပြည်ကိုယ်စားလှယ်ရုံးခွဲကို ၂၀၁၃ခုနှစ်က စတင်တည်ထာင်ခဲ့ပြီး ၂၀၁၉ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ၌ ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရခဲ့သည်။ AIA Myanmar သည် ပြီးခဲ့သည့် စက်တင်ဘာ ၁ရက်က Yangon United Sports Complex ကွင်း၌ AIA KICK အစီအစဉ်အရ ကလေးငယ် ၂၀၀ ကျော်အား စပါးနည်းပြနှစ်ဦး၊ ရန်ကုန်ယူနိုက်တက်နည်းပြအဖွဲ့ဝင်များနှင့် ဘောလုံးနည်းစနစ်များ ပထမဆုံးအကြိမ် သင်ကြားပို့ချခဲ့ကြသည်။



ဖတ်ရှုမှုအများဆုံး