အကောက်ခွန်မဲ့ဘီယာများ သယ်ဆောင်သူနှစ်ဦး အဖမ်းခံရ

အကောက်ခွန်မဲ့ဘီယာများ သယ်ဆောင်သူနှစ်ဦး အဖမ်းခံရ

ကျောက်တံခါးမြို့နယ်တွင် အကောက်ခွန်မဲ့ဘီယာ ကျပ်၁၃၇ သိန်းဖိုး သယ်ဆောင်လာသူနှစ်ဦးကို ရဲတပ်ဖွဲ့က ပို့ကုန်/ သွင်းကုန်ဥပဒေဖြင့် စက်တင်ဘာ ၁ ရက်တွင် အမှုဖွင့် အရေးယူထားသည်။

သြဂုတ် ၃၁ ရက် ည ၁၁ နာရီခွဲခန့်တွင် ကျောက်တံခါးမြို့နယ်၊ အောင်မင်္ဂလာ ကျေးရွာ၊ အောင် မင်္ဂလာ-သရက်စိန် လမ်းဆုံ၌ ရန်ကုန်- နေပြည်တော် (အမြန်လမ်း)မှ ရန်ကုန်-မန္တလေး (လမ်းဟောင်း)သို့ မောင်းနှင်လာသည့် ကင်တာအမျိုးအစား၊ အဖြူရောင်ခြောက်ဘီးယာဉ်ကို ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ယာဉ်စစ်ပိတ်ဆို့ရှာဖွေခဲ့သည်။

အဆိုပါယာဉ်ကို တောင်ငူမြို့နေ ယာဉ်မောင်းဆက်ပိုင်ဦး(၂၅ နှစ်) မောင်းနှင်၍ ဖြိုးလင်းကျော် (၁၉ နှစ်)လိုက်ပါလာခြင်းဖြစ်သည်။

ယာဉ်ပေါ်တွင်ထိုင်းနိုင်ငံထုတ် BEER CHANG (အကောက်ခွန်မဲ့)၊ ဗူးရှည် (၅၇၁)ဖာ၊ (၁၃၇၀၄) ဗူး ခန့်မှန်းတန်ဖိုး ကျပ်၁၃၇၀၄၀ဝဝ ကို ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဘီယာများမှာ အကောက်ခွန်မဲ့ သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

တောကျွဲအင်း နယ်မြေ ရဲစခန်းက (ပ)၁၂၆/၁၉၊ ပို့ကုန်/ သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အမှုဖွင့် အရေးယူထားသည်။