ယိုးတရုပ်ရဲကင်းစခန်းမှရဲကင်းမှူး ဓားဒဏ်ရာ ၁၄ ချက်ရရှိသေဆုံး

ယိုးတရုပ်ရဲကင်းစခန်းမှရဲကင်းမှူး ဓားဒဏ်ရာ ၁၄ ချက်ရရှိသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲကင်းစခန်းမှ ရဲကင်းမှူး ဓားဒဏ်ရာ၁၄ ချက်ရရှိသေဆုံးခဲ့မှု စက်တင်ဘာ ၁ ရက်တွင် ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို စုံစမ်းလျက်ရှိကြောင်းရဲတပ်ဖွဲ့မှ သိရသည်။
 

စက်တင်ဘာ ၁ ရက်၊ နံနက် ၇ နာရီခွဲခန့်ကရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ၌ ယိုးတရုပ်ရဲကင်းစခန်းမှ ရဲကင်းမှူး ဒုရဲအုပ်ဇော်မင်းဌေးသည် ဇနီးဖြစ်သူနှင့်အတူ ကျေးရွာဈေးသို့ ဈေးဝယ်လာစဉ် ကျေးရွာ ရွာလယ်လမ်းအရောက် အမည်မသိလူငယ်ခြောက်ဦးက သံတုတ်နှင့် နောက်မှရိုက်ကာ ချွန်ထက်သည့်အရာဖြင့် ထိုးခဲ့ကြသည်။

ဒုရဲအုပ်ဇော်မင်းဌေးတွင် ဝဲလည်ပင်းထိုးသွင်း ၊ဦးခေါင်းနောက်စေ့ဖူးရောင် ၊ယာပုခုံးထိုးသွင်း၊ဝဲရင်ဘက် ထိုးသွင်း၊ယာရင်ဘတ်ထိုးသွင်း၊ဝဲယာနံရိုးအောက်ထိုးသွင်း၊ဝဲလက်မောင်းထိုးသွင်း၊စုစုပေါင်းထိုးသွင်းဒဏ်ရာ ၁၄ ချက်ရရှိသေဆုံးခဲ့သည်။

အလောင်းကို ယိုးတရုပ်တိုက်နယ်ဆေးရုံသို့ပို့အပ်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းက(ပ)၆၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို စုံစမ်းလျက်ရှိသည်။