ဆီးချိုရှိသူတွေ ဖျားတဲ့အခါ

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ

အအေးမိတယ်၊ ဖျားတယ်ဆိုတာကသာမန်လူတွေအတွက်တော့ အသေးအဖွဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဆီးချိုရှိသူတွေမှာတော့ အသေးအဖွဲမဟုတ်ပါဘူး။ အအေးမိတာ၊နှာစေးတာ၊ ချောင်းဆိုးတာတွေအကုန်လုံးက သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်တဲ့ အခြေအနေတွေရှိနေတာပါ။

ရောဂါကြောင့်ရော သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်ပါ ခန္ဓာကိုယ်မှာ ထိခိုက်တာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ ဖျားနာတဲ့အခါ ပုံမှန်ပြုစုစောင့်ရှောက်တာထက် ပိုပြီးဂရုစိုက်ဖို့လိုပါမယ်။

ဖျားနေချိန်မှာဘာလို့ သွေးတွင်းသကြားဓာတ်မြင့်တက်ရတာလဲ….

အဖျားရှိတဲ့အခါ ခန္ဓာကိုယ်ကကိုယ်တွင်းကိုရောက်လာတဲ့ရောဂါပိုးတွေကိုတိုက်ထုတ်ဖို့ ဟော်မုန်းတွေကိုထုတ်လွှတ်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမှာ အင်ဆူလင်ထွက်ရှိမှုကိုနှေးစေပြီး သွေးတွင်းသကြားဓာတ်က မြင့်တက်လာနိုင်ပါတယ်။

တကယ်လို့ အမျိုးအစား – ၁ ဆီးချိုရောဂါသာရှိနေမယ်ဆိုရင် ဒီအခြေအနေကထိန်းချုပ်ရခက်ခဲနိုင်ပြီး သွေးတွင်းမှာ  အက်ဆစ်ဓာတ်တွေများလာပြီးအသက်အန္တရာယ် ထိခိုက်သည်အထိပြင်းထန်လာနိုင်ပါတယ်။ တကယ်လို့ အမျိုးအစား -၂ ဆီးချိုရောဂါကိုခံစားနေရသူတစ်ယောက်အနေနဲ့ အဖျားဝင်မယ်ဆိုရင်  သွေးတွင်းသကြားဓာတ်ကအဆမတန်မြင့်တက်ပြီးဆီးချိုကြောင့်ဖြစ်တဲ့ ကိုမာဝင်တာမျိုးဖြစ်သွားနိုင်ပါတယ်။

ဆီးချိုရှိသူတစ်ယောက် ဖျားနာပြီဆိုရင် ဘာတွေလုပ်ဖို့လိုမလဲ……

ဆီးချိုရှိသူတစ်ယောက်ဖျားနာပြီဆိုရင် ဒီအချက်လေးတွေကိုသတိထားဖို့လိုပါမယ်။

ဆီးချိုဆေးတွေဆက်သောက်ပါ – ဖျားနေချိန်မှာ သွေးချိုကပုံမှန်ထက်မြင့်တက်နိုင်တာကြောင့် နေ့စဉ်သောက်သုံးနေရတဲ့ ဆီးချိုဆေးတွေကိုဆက်လက်သောက်သုံးပေးပါ။ အင်ဆူလင်ထိုးနေသူတွေအနေနဲ့လည်းအင်ဆူလင်ဆက်ထိုးပေးပါ။

သွေးတွင်းသကြားဓာတ်ကိုမကြာမကြာစစ်ဆေးပါ – ဖျားနေချိန်မှာ သွေးတွင်းသကြားဓာတ်ကို ၃ နာရီခြားတစ်ခါ ဒါမှမဟုတ် ၄  နာရီခြားတစ်ခါ သွေးချိုတိုင်းပေးပါ။ သွေးတွင်းသကြားဓာတ်မြင့်နေခဲ့မယ်ဆိုရင် ပုံမှန်ထက် အင်ဆူလင်ကိုပမာဏတိုးပြီးအသုံးပြုပေးပါ။

နည်းနည်းချင်းစီစားပေးပါ – ဖျားနေချိန်မှာအစားမစားချင်ရင်တောင် အစာကြေလွယ်မယ့် အစားအစာလေးတွေကိုနည်းနည်းချင်းစီနဲ့ အကြိမ်ရေများများစားပေးပါ။ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေကိုစားပေးပါ။ အစားလုံးဝမစားဘဲနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ထိုးကျသွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။

ရေသောက်ပေးပါ – အဖျားကျစေဖို့အတွက်ရော သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိနိုင်စေဖို့အတွက် ရေကိုလုံလောက်စွာသောက်ပေးပါ။ ရေဓာတ်ပြည့်ဝနေမှုကလည်း ခန္ဓာကိုယ်ကိုကျန်းမာစေနိုင်တဲ့ အချက်တွေထဲကတစ်ခုပါ။

ကိုယ်အလေးချိန်ချိန်ပေးပါ – ခန္ဓာကိုယ်ကအကြောင်းအရင်းမရှိဘဲကိုယ်အလေးချိန်ကျသွားမယ်ဆိုရင် ဒါကသွေးတွင်းသကြားဓာတ်မြင့်တက်နေတယ်ဆိုတဲ့ လက္ခဏာပါ။ ဒါကြောင့် ဖျားနေတဲ့အချိန်အတွင်းမှာကိုယ်အလေးချိန်တိုင်းတာကလည်းလုပ်ပေးဖို့လိုပါမယ်။

အဖျားတိုင်းပါ – ကိုယ်တွင်းမှာအဖျားရှိနေတာက ရောဂါတစ်ခုခုခံစားရတော့မယ်၊ ခံစားနေရတယ်ဆိုတာကို ဖော်ပြတဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့် မနက်ခင်းတိုင်းမှာအဖျားတိုင်းပေးဖို့လိုပါမယ်။

ပြည့်ပြည့်ဝဝအနားယူပါ – ဖျားနေတဲ့အချိန်မျာ ကိုယ်ခံအား ကောင်းလာစေဖို့ဆိုရင် ပြည့်ပြည့်ဝဝအနားယူဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဖျားနေချိန်မှာ ပြည့်ပြည့်ဝဝလေးအနားယူပေးပါ။

အဖျားကိုဘယ်လိုကာကွယ်မလဲ……..

အဖျားကိုမဖြစ်အောင်ကာကွယ်လို့ရပါတယ်။ သာမန်လူတွေအတွက်တောင်ခံရခက်တဲ့အဖျားကိုဆီးချိုရှိသူတွေအနေနဲ့ကမဖြစ်လေ ကောင်းလေပါ။ 

ဒါကြောင့် အဖျားမဖြစ်စေဖို့အတွက်

•    လက်ကို သေချာလေးသန့်စင်ဆေးကြောပါ
•    အာဟာရပြည့်ဝအောင်စားပါ
•    အိပ်ရေးဝဝအိပ်ပါ
•    တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ
•    ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
•    ကာကွယ်ဆေးထိုးပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021