မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်ဆိုင်းကာ အပစ်အခတ်ရပ်စဲသည့် အခြေအနေသို့ရောက်ရှိရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စက်တင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည်။
အထောက်အကူပြု
ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ သြဂုတ် ၃၁ ရက်က ပြုလုပ်ခဲ့သည့် မြန်မာအစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာနနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့၏ဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းထုတ်ပြန်ချက်နှင့် တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေးသက်တမ်းတိုးမှုကို ကြိုဆိုကြောင်း၊ ယင်းလုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေ ပြန်လည်ကောင်းမွန်ရန် အထောက်အကူပြုကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ဆက်လက်ပါဝင်မည်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တစိုက် မတ်မတ် ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာအဖွဲ့အစည်းများ က ဆွေးနွေးညှိနှိုင်းခြင်းဖြင့် သဘောထားမတိုက်ဆိုင်မှုများကို ဖြေရှင်း သွားရန် အမြဲတမ်းအဆိုပြုကြောင်း၊ တရုတ်-–မြန်မာနယ်စပ်တည် ငြိမ်အေးချမ်းမှုအား ထိန်းသိမ်းခြင်းသည် တရုတ်-–မြန်မာနှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသည့်အနေအထား အား ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအပေါ် တရုတ်နိုင်ငံက အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
သက်တမ်းတိုးထား
တပ်မတော်သည် တိုင်းစစ်ဌာနချုပ်ငါးခု၌ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းကြောင်း တစ်ဖက်သတ်ကြေညာချက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့ပြီး လာမည့် စက်တင်ဘာ ၂၁ ရက်အထိ သက်တမ်းတိုးထားသည်။
















