ရှမ်းပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၅၀ဝ ခန့်ရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
ရောဂါဖြစ်ပွားသူ
ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့နယ် ၁၇ မြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၇၉ ဦးရှိခဲ့ပြီး သေဆုံးသူငါးဦးရှိခဲ့ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မြို့နယ် ၁၁ မြို့နယ်တွင် ရောဂါဖြစ်ပွားသူ ၃၈၇ ဦး၊ သေဆုံးသူခုနစ်ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို့နယ်ခြောက်ခုတွင် ရောဂါဖြစ်ပွားသူ ၃၇၈ ဦး၊ သေဆုံးသူတစ်ဦး စုစုပေါင်းရောဂါဖြစ် ပွားသူ ၁၄၄၄ဦး သေဆုံးသူ ၁၃ ဦးရှိခဲ့သည်။
"ရှမ်းတောင်မှာ ဖြစ်ပွားမှုအများဆုံး ဒေသကတော့ ညောင်ရွှေပေါ့။ သေဆုံးမှုတော့ မရှိဘူး။ ရှမ်းမြောက်မှာ ဖြစ်ပွားမှုအများဆုံး ကတော့ လားရှိုးပါ။ သေဆုံးသူလေးယောက် ရှိပါတယ်။ ရှမ်းအရှေ့မှာတော့ ကျိုင်းတုံက တစ်ယောက်သေပါတယ်" ဟု ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောဆိုသည်။
သတင်းပို့စနစ်ဖြင့်ဆောင်ရွက်
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးနှင့်ပတ်သက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဦးဆောင်ပြီး မေလအတွင်း ဦးတည်နေရာအလိုက် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို နှီးနွှယ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန် မြို့နယ်များအထိ လမ်းညွှန် ထားခြင်းများအပြင် ဆေးရုံများ၌ သတင်းပို့ စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
သွေးလွန်တုပ်ကွေးရောဂါသည် အေဒီးစ် ခြင်ကျားကိုက်ခြင်းမှဖြစ်ပေါ်ကာ ရာသီမရွေး၊ အသက်အရွယ်မရွေးဖြစ်ပွားနိုင်၍ ဖျားနာပြီး သုံးရက်မြောက်နေ့တွင် ကိုယ်အပူချိန် ရုတ် တရက် ကျဆင်းသွားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း (သို့) မှိန်းလာခြင်း၊ ခြေဖျား၊ လက်ဖျား အေးစက်ခြင်း၊ ဗိုက်အောင့်လာခြင်း၊ အစာ ရေစာမဝင်နိုင်လောက်အောင် အဆက်မပြတ် အန်ခြင်း၊ ကော်ဖီအနှစ်ရောင်အရည်များ အန်ခြင်း၊ ဝမ်းမည်းသွားခြင်း စသည်ဖြင့် လက္ခဏာတစ်ခုခုတွေ့ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်ထားသည်။
၂၀၁၈ ခုနှစ်က တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃၂၇၃ ဦးနှင့် သေဆုံးသူ ၁၁၂ ဦးရှိခဲ့ကြောင်း သိရသည်။
















