စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ရွှေမြင့်မိုရ်ကျေးရွာတွင် လွန်ခဲ့သော နှစ်လခန့်၌ ကွာရှင်းထားသည့် ခင်ပွန်းဟောင်းက ဓားဖြင့်ထိုးသတ်ခဲ့မှုကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၇ ရက်တွင် ဖမ်းဆီးအရေးယူထားသည်။
စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ရွှေမြင့်မိုရ်ကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ခန္တီးမြို့မရဲစခန်းမှူးနှင့်အဖွဲ့က သွားရောက် စုံစမ်းခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သေဆုံးသူမှာ မဇာခြည်ဝင်း(ခ) မဇာခြည် (၂၅ နှစ်)ဖြစ်ပြီး နေအိမ်ရှေ့ဘုရားခန်းတွင် လည်ပင်းထိုးသွင်း၊ လက်မောင်းပြတ်ရှ၊ လျက်ဖျံပြတ်ရှ၊ဝဲဒူးခေါင်းပြတ်ရှဒဏ်ရာများရရှိ သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။
စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီခွဲတွင်မောင်ဖြစ်သူ မြထက်ဝင်းက ဖုန်းအားသွင်းရန်အတွက် ကျေးရွာ လက်ဖက်ရည်ဆိုင်သို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ၁၅ မိနစ်ခန့်အကြာ နေအိမ်သို့ ပြန်လာစဉ် အိမ်တွင် ဘုရားရှစ်ခိုး ကျန်ရစ်ခဲ့သည့် အစ်မဖြစ်သူကို သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လမ်းခရီး ခက်ခဲ့ခြင်းကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားမှု နောက်ကျခဲ့ခြင်းဖြစ်ကာ ခန္တီးမြို့မရဲစခန်းက(ပ)၆၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူခဲ့သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်များအရ စိုးမြင့်နိုင်(ခ) ဝေယံမှာ သေဆုံးသူကို မကြာခဏနှိပ်စက် နေသဖြင့် တရားရုံးတွင် ကွာရှင်းခွင့်တောင်းခံခဲ့ပြီး တရားရုံးက ယခုနှစ် ဇွန် ၂၀ ရက်တွင် ကွာရှင်းခွင့်ပေးခဲ့သည်။
စိုးမြင့်နိုင်(ခ) ဝေယံနှင့် သေဆုံးသူတို့ လွန်ခဲ့သော ရက်ပိုင်းခန့်က စကားများရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ ရန်ဖြစ်စဉ် အဆိုပါရွာမှ အသေထွက်သာ ထွက်ရမည် ဓားသွေးနေသည် ဟု စိုးမြင့်နိုင်(ခ)ဝေယံက သေဆုံးသူကို ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း သက်ဆိုင်ရာက စုံစမ်းသိရှိခဲ့ရသည်။
ထို့ကြောင့် အမှုဖြင့် မသင်္ကာသူ စိုးမြင့်နိုင်(ခ)ဝေယံ(၄၄ နှစ်) ကို စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီတွင် ဖမ်းဆီးစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
၎င်းကို ဖမ်းဆီးရမိစဉ် အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် အရိုးအသွား ၁၁ လက်မခန့်ရှိ ဓါးဦးချွန်နှင့် ဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများကို ရဲတပ်ဖွဲ့ကသိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။

















