ဒီဘက်ခေတ်မှာလူကြီး၊ လူငယ်မရွေးအရက်နဲ့ ကင်းနိုင်ကြတာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးအရ၊ အလုပ်ခွင်မှာမိတ်ဆုံစားပွဲလုပ်တာဖြစ်ဖြစ် အရက်လေးကတော့ အနည်းနဲ့ အများပါလိုက်ကြတာပါပဲ။
အရက်သောက်တာကကျန်းမာရေးကိုထိခိုက်စေတာမှန်ပေမယ့် နေ့စဉ်နေ့တိုင်းသောက်တာ၊ သောက်တဲ့ပမာဏမများဘူးဆိုရင်တော့ အဆင်ပြေပါတယ်။ ကဲဒါဆိုရင် အားလုံးစိတ်ညစ်ရတဲ့ အရက်နာကျတဲ့အကြောင်းဆက်သွားလိုက်ကြတာပေါ့။
အရက်နာကျရင် ဘာတွေခံစားရမလဲ
အရက်သောက်ပြီးနောက်တစ်နေ့နိုးလာတာနဲ့ ပထမဆုံးခံစားရမယ့် ပြဿနာကတော့ အရက်နာကျတာပါပဲ။ ဒါကသောက်လိုက်တဲ့ပမာဏရော၊ လူတစ်ယောက်ရဲ့ သောက်နိုင်တဲ့ ပမာဏပေါ် မူတည်ပြီးဝေဒနာ ပြင်းထန်မှုကွာသွားနိုင်ပါတယ်။ များသောအားဖြင့် အရက်နာကျတဲ့အခါမှာ
• ခေါင်းတွေ အရမ်းမူးမယ်
• ခေါင်းကိုက်မယ်
• အော့အန်ချင်တာ
• ဗိုက်ထဲမှာအောင့်သလိုရေ၊ လေတွေများပြီးမအီမသာဖြစ်တာ
• အစာစားချင်စိတ်၊ ရေသောက်ချင်စိတ်တောင် မရှိတာ
• လူတစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလိုမလှုပ်ချင်တော့တာ
• နေအလင်းရောင်စူးစူးကိုစိုက်မကြည့်နိုင်တာ
• ဘာအလုပ်မှမလုပ်ချင်တာ
• ဝမ်းချုပ်တာ
• ဝမ်းခဏခဏသွားတာ
• အနက်ရောင်၊ အညိုရောင်ရှိတဲ့ ဝမ်းတွေ သွားတာ
• ဆီးအရောင်နောက်ကျိနေတာ
• စိတ်မကြည်မလင်ဖြစ်တာစတဲ့လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
အရက်သောက်ခြင်းနဲ့ ဝမ်းမကြာခဏသွားခြင်းဘယ်လိုဆက်စပ်နေလဲ
၁။ အရက်ကိုသောက်လိုက်တဲ့အခါ လည်ချောင်းမှတစ်ဆင့် အစာအိမ်အတွင်း ဖြတ်ကျော်ရပါတယ်။ ဗိုက်ထဲမှာအစာရှိနေတဲ့အခါ အရက်နဲ့ အစာမှာပါတဲ့ အာဟာရဓာတ်တချို့က အစာအိမ်နံရံကနေသွေးကြောအတွင်းစုပ်ယူခံလိုက်ရပါတယ်။ ဒီအခြေအနေဟာအရက်ကိုအစာအိမ်ကချေဖျက်တဲ့လုပ်ငန်းစဉ်ကို နှေးကွေးသွားစေပါတယ်။
၂။ ဗိုက်ထဲအစာမရှိဘဲအရက်သောက်လိုက်တဲ့အခါ အစာအိမ်မှ အူငယ်အတွင်းသို့ လျင်မြန်စွာ ဖြတ်သန်းစီးဆင်းသွားပြီးအရက်သောက်နေတဲ့သူအတွက်လည်းတစ်ခွက်ပြီးတစ်ခွက် သောက်ချင်စိတ်၊ မြူးကပြီးခုန်ချင်စိတ်ကိုပိုဖြစ်စေကာအရက်ရဲ့ အရှိန်ကိုတက်စေပါတယ်။
၃။ အမျှင်ဓာတ်ဆိုတာပုံမှန်အချိန်မှာ အစာချေဖျက်မှုစနစ်ကိုအထောက်အကူပေးတဲ့ အစားအစာဆိုပေမယ့် အရက်နဲ့တော့ လုံးဝမတည့်တဲ့အရာပါ။ ဒီတော့ ဗိုက်ထဲမှာအမျှင်ဓာတ်ပါတဲ့ အစားအစာတွေ များနေတဲ့အခါ အရက်ကိုချေဖျက်နိုင်စွမ်းနဲ့ သွေးကြောကနေစုပ်ယူနိုင်စွမ်းကပိုများလာပြီးလျင်မြန်စွာဆီးနဲ့ ဝမ်းအဖြစ် အပြင်ဘက်သို့ စွန့်ထုတ်ပေးပါတယ်။
၄။ အရက်သည် ဝမ်းစွန့်ချင်စိတ်ကိုပိုဖြစ်စေသလိုအစာဟောင်းတွေနဲ့ အရက်တွေပါ ရောပြီးစွန့်ထုတ်စေတဲ့အတွက် ဝမ်းသွားတဲ့အခါ အကြိမ်ရေလည်းပိုများသလိုပုံမှန်အမာဝမ်းမဟုတ်တော့ဘဲအရည်တွေနဲ့ ပြည့်လာပါတယ်။
၅။ ရေသောက်တဲ့ပမာဏပေါ် မူတည်ပြီးဝမ်းအရည်ရဲ့ အရောင်သည် အနက်ရောင်ကနေအညိုရောင်ကိုပြောင်းလဲသွားနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်အရအရက်ပမာဏအနည်းငယ်ပဲသောက်တဲ့သူတွေကဝမ်းမကြာခဏသွားချင်စိတ်ကို ဖြစ်စေပြီးအရက်ပမာဏကိုအလွန်အကျွံသောက်တဲ့အခါ ဆန့်ကျင်ဘက်အနေနဲ့ ဝမ်းချုပ်သွားနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ဒီလက္ခဏာဟာတစ်ရက်ကနေ ၃ရက်လောက်အထိ ကြာနိုင်ပြီးအရက်သောက်တာရပ်လိုက်ပြီးပုံမှန်အစားအစာတွေ ပြန်စားပြီဆိုတာနဲ့ ဝမ်းသွားနှုန်းနဲ့ အစာခြေစနစ်ကနဂိုအတိုင်းအလုပ်လုပ်သွားမှာဖြစ်ပါတယ်။
ဘယ်လိုလူတွေမှာပိုဖြစ်နိုင်လဲ
၁။ ဂလူတန် ဓာတ်မတည့် အူသိမ်ရောဂါ (Celiac Disease)
၂။ နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု (Irritable Bowel Syndrome)
၃။ အစာအိမ်၊ အူနံရံရောင်သောရောဂါ (Crohn’s Disease) ရှိတဲ့သူတွေအပြင်
၄။ ညမအိပ်ဘဲအလုပ်လုပ်တတ်သူတွေမှာပိုအဖြစ်များပါတယ်။
အရက်သောက်ပြီးနောက်နေ့ ဝမ်းလျှောပြီဆိုရင် ဘာလုပ်သင့်လဲ
၁။ ဗိုက်အခြေအနေနဂိုအတိုင်း ပြန်ကောင်းသွားတဲ့အချိန်ထိအရက်ကိုရှောင်ပေးပါ။
၂။ အရက်သောက်ပြီးနောက်တစ်နေ့မှာရေများများသောက်ပါ
၃။ မနက်စာ လုံးဝမစားဘဲနေလိုက်တာထက် ကြက်ဥ၊ ပေါင်မုန့်၊ ငှက်ပျောသီး၊ ကြက်သားစတဲ့ အစာတွေကိုပေါ့ပေါ့ပါးပါးလုပ်ပြီးစားပေးပါ။
၄။ အများကြီးစားဖို့ မလိုပါဘူး။ ဗိုက်ထဲအစာရှိနေဖို့ပဲလိုတာပါ။
၅။ သစ်သီးဖျော်ရည်တွေ၊ ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည် သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။
၆။ အမျှင်ဓာတ်များလွန်းတဲ့ အစားအစာတွေ၊ ဂျုံ၊ နို့ထွက်ပစ္စည်း၊ အဆီများတဲ့အသားတွေ၊ ဟင်းခတ်မှုန့်အများကြီးထည့်ချက်တဲ့ ဟင်းတွေကိုရှောင်ပေးပါ။
၇။ ဝမ်းလျှောတာသက်သာစေမယ့် ဆေးတွေကိုနီးစပ်ရာဆေးခန်းတွေမှာမေးမြန်းပြီးဝယ်ယူလို့ရပါတယ်။
ဆရာဝန်နဲ့ ပြဖို့လိုအပ်လား
များသောအားဖြင့်တော့ အရက်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောခြင်းဟာရက်အနည်းငယ်မှာသူ့အလိုလို ပြန်ကောင်းသွားတတ်တာကြောင့် ဆရာဝန်နဲ့ အမြန်ပြရလောက်တဲ့အထိစိုးရိမ်ဖို့ မလိုပါဘူး။ တစ်နေ့ကိုအကြိမ်များစွာဝမ်းသွားတာ၊ ဝမ်းကိုဘယ်လိုထိန်းလို့မရတော့တာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာတွေ လုံးဝမသက်သာဘူးဆိုရင်တော့ ပြကြည့်သင့်ပါတယ်။
အားလုံးပဲအရက်ကိုလုံးဝမရှောင်နိုင်ဘူးဆိုရင်တောင် ကိုယ့်ကျန်းမာရေးကိုအစဉ်ရှေးရှုပြီးသတိနဲ့သောက်ကြပါလို့ အကြံပေးလိုက်ချင်ပါတယ်နော်။

















