နေမကောင်းသည့်ခင်ပွန်းက ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်

နေမကောင်းသည့်ခင်ပွန်းက ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း နားကောင်းမူးတွင် နေမကောင်းသည့် ခင်ပွန်းက ဇနီးဖြစ်သူကို ဓားဖြင့်ထိုး သတ်မှု စက်တင်ဘာ ၈ ရက်တွင် ဖြစ်ပွားခဲ့သည်။
 

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း နားကောင်းမူး ကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ နားကောင်းမူး နယ်မြေရဲစခန်းမှူး ရဲအုပ်သိန်းလွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် မနားခါးမ(၄၂ နှစ်)မှာ ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ယာရင်အုံအောက်ထိုး သွင်းဒဏ်ရာ၊ ဝဲလက်ချောင်းများ ပြတ်ရှဒဏ်ရာ များရရှိသေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။

ဖြစ်စဉ်မှာ နံနက် ၉ နာရီခွဲခန့်က သေဆုံးသူ နားခါးမ က ခင်ပွန်းဖြစ်သူ မူးရှည် နေမကောင်းသဖြင့် လည်ပင်းကို မက်ကလောင်ခြစ်ပေးခဲ့ပြီးနောက် မိခင်ဖြစ်သူ ဆေးဝယ်သွားစဉ် လင်မယားချင်း စကားများရန်ဖြစ်ခဲ့သည်။

ထိုသို့စကားများစဉ် မူးရှည်က ၎င်း၏ဇနီး နားခါးမကို ဓားဖြင့်ထိုးခဲ့ပြီး ငါ့ကိုယ်ငါလည်းထိုးသတ်မည်ဟု ၎င်း၏ ပါးစပ်မှ ကြိမ်းမောင်းနေသဖြင့် ယောက္ခမဖြစ်သူက ဓားကို ဆွဲယူသိမ်းဆည်းခဲ့ရသည်။

ထိုသို့ သမီးဖြစ်သူ မနားခါးမကို ဓားဖြင့်ထိုးသတ်သဖြင့် သမက်ဖြစ်သူ မူးရှည်(၃၆ နှစ်)ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ နားကောင်းမူးနယ်မြေရဲစခန်းက(ပ)၁၂/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။