ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် သစ်ပင်ပိသေဆုံးခဲ့သည့်ဖြစ်ရပ်ကို ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးခဲ့ရာမှ လူသတ်မှုဖြစ်စဉ်တစ်ခု စက်တင်ဘာ ၉ ရက်တွင် ပေါ်ပေါက်ခဲ့သည်။
စက်တင်ဘာ ၁ ရက် နံနက် ၄ နာရီခွဲခန့်တွင် ကျောက်တံခါးမြို့နယ် ပဲခူးရိုးမတောင်ပေါ် ၁၃ မိုင်ခန့် ရှိ ဘိုင်းဒါးသစ်တောကြိုးဝိုင်း စစ်စီနှဲမြောင်၌ အလုပ်လုပ်ကိုင်နေသည့် ပဲခူးတိုင်းဒေသကြီး ဘုရားလေးကျေးရွာအုပ်စုနေ အောင်ကျော်ဇော(၃၀ နှစ်)မှာ သစ်ပင်ခုတ်လဲရာမှ သစ်ပင်ပိသေဆုံးကြောင်းသတင်းအရ ဖဒိုနယ်မြေရဲစခန်းမှ ဒုရဲအုပ်စိုးလင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာ များဖြင့်သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိသဖြင့် ဖဒိုနယ်မြေရဲစခန်းက(ပ)၂၂၂/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က အရ အမှုဖွင့် စုံစမ်းခဲ့သည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သေဆုံးသူတွင်ရရှိထားသည့် ဓားဒဏ်ရာများသည် လုပ်ငန်းခွင်အတွင်း သစ်ပင်ပိသေဆုံးခဲ့သည့် လက္ခဏာများမဟုတ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
၎င်းနှင့်ဘဝတူလုပ်သားများကို စုံစမ်းမှုအရ သေဆုံးသူ အမျိုးသားနှင့် ပဲခူးတိုင်းဒေသကြီး ဘုရားလေးကျေးရွာအုပ်စုနေ ဝင်းညွှန့်တို့ စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး သစ်ပင်ပိ သေဆုံးသည်ဟု သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အမှုဖြင့်မသင်္ကာသူ ဝင်းညွှန့်(၃၀ နှစ်)ကို စက်တင်ဘာ ၉ ရက်တွင် ဖမ်းဆီးစစ်ဆေးခဲ့ရာ သေဆုံးသူသည် သစ်ပင်ပိသေဆုံးခဲ့ခြင်းမဟုတ်ဘဲ အလုပ်ကိစ္စ စကားများရန်ဖြစ်ရာမှ ၎င်းကဒေါသထွက်ကာ သေဆုံးသူကို အရိုးအသွား ၂၂ လက်မခန့်ရှိ ဓားမကျောဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့ပြီး အရိုးအသွား ၉ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ဝမ်းဗိုက်ကို ထိုးသွင်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ဖဒိုနယ်မြေရဲစခန်းကမူလဖွင့်လှစ်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ - က မှ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့် အရေးယူထားသည်။

















