ဆီးသွားတဲ့အချိန်မှာပုံမှန်ထက်ပူနေပြီဆိုရင် ဘယ်သူမဆိုအနည်းငယ်တော့ စိုးရိမ်ထိတ်လန့်မိမှာအမှန်ပါ။ အထူးသဖြင့် ဆီးလမ်းကြောင်းပိုးဝင်ဖူးတဲ့သူတွေ၊ အကာအကွယ်မဲ့လိင်ဆက်ဆံဖူးတဲ့သူတွေပေါ့။ ဒါပေမယ့် အမြဲတမ်းတော့ စိုးရိမ်စရာမလိုပါဘူး။
ဆီးကဘာကြောင့် ပူနွေးတာလဲ
ကိုယ်ခန္ဓာမှာအရည်အဖြစ်သိမ်းဆည်းထားပြီးစွန့်ထုတ်လိုက်တာဖြစ်တဲ့အတွက် ဆီးဟာကိုယ်ခန္ဓာအပူချိန်နဲ့ တစ်သားတည်းသွားကျပါတယ်။ နောက်တစ်ခုကတော့ ဆီးမှာရေအပြင် ဆားငန်ဓာတ်နဲ့ တခြားအဆိပ်အတောက်တွေ ပါဝင်ပြီးဆီးအိမ်ထဲမှာစုစည်းထားတာဖြစ်ပါတယ်။ သိုလှောင်တဲ့ပမာဏများလာလေလေဆီးရဲ့ အပူချိန်ဟာတိုးလာလေလေ ဖြစ်တဲ့အတွက် ဆီးသွားလိုက်တဲ့အခါ အနည်းငယ် ပူနွေးတဲ့ခံစားချက်မျိုးရရှိပါတယ်။
ဆီးရဲ့ အပူချိန်ကဘယ်လောက်ရှိလဲ
ပုံမှန်အားဖြင့် ဆီးသည် ကိုယ်ခန္ဓာရဲ့ ပျမ်းမျှအပူချိန်ဖြစ်တဲ့ ၃၇ ဒီဂရီဆဲလ်စီးယပ်စ် ပမာဏမှာရှိပါတယ်။ ရာသီဥတုနဲ့ လူပေါ်မူတည်ပြီးအနည်းငယ် ပိုပူသည်၊ အေးသည် ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေအပြင်ကိုစွန့်ထုတ်ပြီး ၄မိနစ်ခန့်ကြာသည်အထိနဂိုအပူချိန်အတိုင်းထိန်းထားနိုင်ပါတယ်။
ဘယ်လိုအခြေအနေမှာဆီးကပိုပူလာနိုင်လဲ
ရာသီဥတုအရမ်းပူလွန်း၊ အေးလွန်းတာ၊ ဖျားနေစဉ် သို့မဟုတ် အဖျားပျောက်ပြီးနာလန်ထူကာစအချိန်၊ အားကစားလုပ်ပြီးအမောဖြေနေတဲ့အချိန်မှာဆီးဟာပုံမှန်အချိန်ထက် ပိုပူနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဆိုရင်လည်းဇီဝကမ္မဖြစ်စဉ်ဟာလျင်မြန်စွာပြောင်းလဲနေတဲ့အတွက် ဆီးဟာပိုပြီးပူနေနိုင်ပါတယ်။
ဘယ်လိုအခြေအနေမှာစိုးရိမ်ရနိုင်လဲ
ဆီးသွားနေတဲ့အချိန်မှာပုံမှန်ပူတာမျိုးမဟုတ်ဘဲပူစပ်ပူလောင်ဖြစ်နေတာ၊ ဆီးသွားနေတဲ့ ဆီးလမ်းကြောင်းတစ်လျှောက်ဟာပူလောင်နေတာ၊ စပ်ဖျဉ်းဖျဉ်း၊ အသားထဲကစူးနေသလိုခံစားရတာဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်။
တခြားလက္ခဏာအနေနဲ့
• ဆီးသွားချင်စိတ်ရှိပါလျက်နဲ့ ဆီးနည်းနည်းပဲထွက်တာ
• ဆီးအရောင်ကအဖြူရောင်၊ မီးခိုရောင်နောက်ကျိကျိဖြစ်နေတာ
• ဆီးရဲ့အနံ့ကအောက်သိုးသိုးအနံ့ဖြစ်နေတာ
• ဆီးထဲမှာသွေးပါလာတာ
• ဆီးခဏခဏသွားနေတာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီးဆီးစစ်ကြည့်သင့်ပါတယ်။
ဒီလက္ခဏာတွေဟာဆီးလမ်းကြောင်းပိုးဝင်တာလည်း ဖြစ်နိုင်သလို လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်တဲ့ ဂနိုဆီးပူညောင်းကျရောဂါ၊ ခလက်မီးဒီးယားရောဂါလည်း ဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေမှာယောကျာ်းလေးတွေထက် ဖြစ်နိုင်ခြေ ၄ဆ ပိုများပါတယ်။
ပုံမှန်အားဖြင့်တော့ ဆီးပူတယ်ဆိုတာသိပ်ပြီးစိုးရိမ်စရာမဟုတ်ပေမဲ့ အမြဲတမ်းလိုလို ဖြစ်နေတာဆိုရင်တော့ စောစောစီးစီးစစ်ဆေးပြီးကုသမှုခံယူတာအကောင်းဆုံးပါပဲ။
ဆီးလမ်းကြောင်းပိုးဝင်တာဆိုရင်တော့ ပဋိဇီဝဆေးတွေကိုဆရာဝန်ရဲ့ဆေးအညွှန်းအတိုင်းသောက်ပေးရုံနဲ့ အမြစ်ပြတ်ပျောက်ကင်းနိုင်တာကြောင့် ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီးမပေါ့ဆဖို့ တိုက်တွန်းရင်းဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

















