နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ဖြေရှင်းနည်း

နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ဖြေရှင်းနည်း

မျက်နှာနေရာအနှံ့မှာဝက်ခြံတွေပေါက်လို့ စိတ်ညစ်နေပြီလား။ မျက်နှာရဲ့ နေရာတိုင်းမှာဝက်ခြံပေါက်နိုင်ပြီးဝက်ခြံပေါက်ရတဲ့အကြောင်းအရင်းတွေကလည်း နေရာပေါ်ကိုလိုက်ပြီးကွဲပြားမှုရှိနိုင်ပါတယ်။

ဒီတစ်ခေါက်တော့ မျက်နှာမှာပေါက်ရတဲ့ ဝက်ခြံတွေကဘာကြောင့်ပေါက်ရတာလဲဆိုတာကို ဆွေးနွေးကြည့်ရအောင်လား။

သိထားသင့်တဲ့ မျက်နှာပေါ်ကဝက်ခြံတွေအကြောင်း…………

မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံတွေက ပေါက်တဲ့နေရာကိုလိုက်ပြီး ဖြစ်ရတဲ့အကြောင်းအရင်းတွေလည်းကွာခြားနိုင်ပါတယ်။

နားထင် နဲ့ ဆံစပ်တလျှောက်မှာ ပေါက်တဲ့ဝက်ခြံ

နားထင်နဲ့ဆံစပ်တလျှောက်မှာဝက်ခြံပေါက်ရတာက ဆံသားအတွက်အသုံးပြုတဲ့ ပစ္စည်းတွေကြောင့်ဖြစ်နိုင်သလို ဆံပင်တွေကိုပုံမှန်သန့်ရှင်းပေးမှုအားနည်းတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဆီပါဝင်နေတဲ့ ဆံသားအတွက်အသုံးပြုတဲ့ ပစ္စည်းတွေက ချွေးပေါက်တွေကိုပိတ်ဆို့စေနိုင်ပြီဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ရည်နဲ့ဆံသားအတွက် အသုံးပြုရတဲ့ ပစ္စည်းတွေကိုသတိထားရွေးချယ်ဖို့လိုပါမယ်။ hairspray သုံးတဲ့အခါ နဖူးကိုအဝတ်သန့်သန့်လေးတစ်ခုနဲ့ ကာထားပေးပါ။ ခေါင်းလျှော်ပြီးတိုင်းမျက်နှာကို သေချာသန့်စင်ပေးပါ။

ပါးပေါ်ကဝက်ခြံ

ပါးပေါ်မှာဝက်ခြံဖြစ်ရတာဆံသားတွေနဲ့ထိတွေ့မိတာ၊ ဖုန်းမျက်နှာပြင်ကိုပုံမှန် သန့်ရှင်းပေးမှုမရှိတာ၊ ခေါင်းအုံးစွပ်ပုံမှန်မလဲတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကြောင့် မျက်နှာအသားအရေပေါ်မှာ ဘက်တီးရီးယားတွေပြန့်နှံ့တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပါးပေါ်ကဝက်ခြံတွေကိုသက်သာစေဖို့အတွက် ဆံပင်ကိုပုံမှန်လျှော်တာ၊ ဖုန်းမျက်နှာပြင်ကိုပုံမှန်သန့်စင်တာ၊ ခေါင်းအုံးစွပ်ကိုပုံမှန်လဲတာမျိုးလုပ်ပေးဖို့လိုပါမယ်။ ဒါတွေအပြင် မျက်နှာမှာထိကပ်အသုံးပြုတဲ့ အသုံးအဆောင်တွေ၊ မိတ်ကပ်လိမ်းခြယ်တဲ့ပစ္စည်းတွေကိုပုံမှန်သန့်စင်ပေးဖို့လိုပါမယ်။ ဖုန်းကိုအိမ်သာထဲယူသွားတာမျိုးမလုပ်မိဖို့လည်းသတိထားစေချင်ပါတယ်။

မေးစေ့နဲ့မေးရိုးပေါ်မှာပေါက်တဲ့ ဝက်ခြံ

ဒါကတော့ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲတာနဲ့ အူလေးတွေ ကျန်းမာရေးမကောင်းတာကြောင့်ဖြစ်နိုင်ပါတယ်။ ရာသီလာရမယ့်အချိန်နီးနေတာ၊ စိတ်ဖိစီးမှုများနေတာ၊ ပေါင်မုန့်အဖြူ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ အစားများတာ၊ အချိုစားတွေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကိုအလွန်အကျွံစားသုံးမိတာတွေကြောင့် မေးရိုးနဲ့ မေးစေ့တို့မှာဝက်ခြံတွေဖြစ်လာရတာပါ။ သောက်သုံးနေရတဲ့ ဆေးဝါးတစ်ခုခုကြောင့်လည်းဒီလိုဝက်ခြံတွေဖြစ်လာနိုင်ပါတယ်။

နဖူးနဲ့နှာခေါင်းပေါ်ကဝက်ခြံ

နဖူးနဲ့နှာခေါင်းအထူးသဖြင့် T-zone area တွေမှာဝက်ခြံပေါက်နေရတာကအဆီတွေများနေလို့ဖြစ်နိုင်သလိုစိတ်ဖိစီးနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီဝကခြံတွေကိုသက်သာစေဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ပါ။ ညအိပ်ရာမဝင်ခင်မှာတရားထိုင်တာ၊ သီချင်းနားထောင်တာလိုမျိုးစိတ်ဖိစီးမှုကိုပြေပျောက်စေနိုင်တဲ့အရာတွေကိုလုပ်ဆောင်ပေးပါ။ ဒီလိုလုပ်ဆောင်ပေးတာကနဖူးနဲ့ နှာခေါင်းမှာ ပေါက်တဲ့ ဝက်ခြံတွေကိုသိသိသာသာသက်သာစေနိုင်မှာပါ။

ဝက်ခြံသက်သာစေဖို့ လိုက်နာသင့်တဲ့နည်းလမး်အချို့

ဒါတွေအပြင်ဝက်ခြံသက်သာစေဖို့အတွက် အခုပြောခဲ့တဲ့နည်းလမး်လေးတွေကိုလိုက်နာသင့်ပါတယ်။

•    တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ
•    မျက်နှာသစ်ဆေးခပ်ပျော့ပျော့လေးကိုပဲအသုံးပြုပေးပါ
•    မျက်နှာကိုလက်နဲ့ ခဏခဏမထိပါနဲ့
•    မျက်နှာအတွက် အသုံးပြုရတဲ့ အသုံးအဆောင်တွေကိုပုံမှန်သန့်စင်ပါ
•    ခေါင်းမှန်မှန်လျှော်ပါ
•    ခေါင်းအုံးစွပ်ပုံမှန်လဲပေးပါ
•    လက်ကိုမကြာခဏဆေးကြောပါ
•    အိပ်ရာမဝင်ခင် မိတ်ကပ်တွေဖျက်ပါ
•    ဝက်ခြံတွေကိုမညှစ်ပါနဲ့
•    လေ့ကျင့်ခန်းလုပ်ပါ
•    ဆဲလ်သေတွေဖယ်ရှားပါ
•    ရေများများသောက်ပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021