မိခင်နှင့်ရန်ဖြစ်သည့်ဖခင်ကို အဝတ်လျှော်တုတ်ဖြင့်ရိုက်ရာမှ သေဆုံး

မိခင်နှင့်ရန်ဖြစ်သည့်ဖခင်ကို အဝတ်လျှော်တုတ်ဖြင့်ရိုက်ရာမှ သေဆုံး

မိုးကောင်းမြို့နယ်တွင် မိခင်နှင့်စကားများရန်ဖြစ်ခဲ့သည့်ဖခင်ကို သားဖြစ်သူက အဝတ်လျှော် တုတ်ဖြင့်ရိုက်ခဲ့ရာမှ ဖခင်သေဆုံးမှုအား ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်တွင် အမှုဖွင့် အရေးယူခဲ့သည်။

စက်တင်ဘာ ၉ ရက် ည ၉ နာရီခွဲက မိုးကောင်းမြို့၊မြို့ဦးရပ်ကွက်နေ ဒေါ်စိမ်းစိမ်းအေး (ခ) အန်း ချောသည် ခင်ပွန်းဖြစ်သူ ဇော်လင်းထွန်း(၃၉ နှစ်)နှင့် ဓာတ်ဗူးပေါင်နှံသည့်ကိစ္စဖြင့် စကား များရန်ဖြစ်ပြီး အိပ်ခန်းအတွင်းဝင်အိပ်ခဲ့သည်။

ထိုသို့အိပ်နေစဉ် ဇော်လင်းထွန်း၏ အော်သံကိုကြားရသဖြင့် သွားရောက်ကြည့်ရှုရာ သားဖြစ်သူ မောင်-----(၁၆ နှစ်)၏လက်ထဲတွင် အဝတ်လျှော်သည့် သစ်သားတုတ်အား ကိုင်ဆောင်ထားသည်ကို တွေ့ရှိခဲ့ကာ ခင်ပွန်းဖြစ်သူလဲကျနေသည်ကိုလည်း တွေ့ရှိခဲ့သည်။

သားဖြစ်သူက အမေအေးဆေးနေဟု ပြောဆိုကာ အိမ်ပေါ်မှဆင်းသွားခဲ့သည်။ ထို့နောက် ဒေါ်စိမ်းစိမ်းအေးက ခင်ပွန်းဖြစ်သူတွင်ရရှိထားသည့် သွေးထွက်ဒဏ်ရာများကို ရေဖြင့်ဆေးကြောကာ ခဲအိုဖြစ်သူကို ခေါ်ယူ၍ မိုးကောင်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ ဇော်လင်းထွန်းသည် ဦးခေါင်းချိုစောင်း ပေါက်ပြဲဒဏ်ရာနှင့် နှာခေါင်း သွေးထွက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊သားဖြစ်သူ အပြစ်ဖြစ်မည်စိုးသဖြင့် ရဲတပ်ဖွဲ့ထံ လိမ်လည်ထွက်ဆိုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သေဆုံးသူ၏ ဦးခေါင်းတွင် မာကြောသော အရာဝတ္တုဖြင့် အရိုက်ခံထားရသည့် လက္ခဏာများတွေ့ကြောင်း အလောင်းစစ်ဆေးချက်အရ သိရပြီး အသေးစိတ်စစ်ဆေးရာမှ သားဖြစ်သူ က ဒေါသအလျောက် အဝတ်လျှော်သည့်တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ရဲတပ်ဖွဲ့က သားဖြစ်သူကို ဖမ်းဆီးခဲ့သည်။

မိုးကောင်းမြို့မရဲစခန်းက (ပ)၉၈/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂/၁၁၄/၂၀၁ အရ အမှုဖွင့် အရေးယူထားသည်။