ဆင်တုပ်ကွေးက ချန်ရစ်ခဲ့တဲ့ အဆစ်နာ သက်သာအောင် ဘယ်လို လုပ်မလဲ

ဆင်တုပ်ကွေးက ချန်ရစ်ခဲ့တဲ့ အဆစ်နာ သက်သာအောင် ဘယ်လို လုပ်မလဲ

တုပ်ကွေးတို့ရဲ့ သဘာဝကိုက တစ်ကိုယ်လုံးကိုက်ခဲပြီး ဖျားတယ်၊ တုပ်ကွေးကွေးတယ်ပေါ့။ ပျောက်ပြီဆို အကုန်သက်သာသွားတာပဲ။ ဒါပေမဲ့ ဆင်တုပ်ကွေးဖြစ်ထားတာ သက်သာလားလို့ မေးလိုက်ရင် အဆစ်အမြစ်တွေနာနေတုန်း၊ ကိုက်ခဲနေတုန်းပဲ။ လမ်းလည်း သိပ်မလျှောက်နိုင်၊ ပစ္စည်းတွေတောင် လက်က မြဲအောင်မကိုင်နိုင်ဘူးဆိုတဲ့ စကားတွေ ကြားရပါတယ်။

ဒီလိုနာကျင်ကိုက်ခဲမှုတွေ ဘာလို့ဖြစ်ရတာလဲ

Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးကို ခြင်က တစ်ဆင့် ကူးစက် ရရှိတာပါ။ အခုလိုနာကျင်ကိုက်ခဲရတာက ရောဂါပိုးကို ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က တုံ့ပြန်တိုက်ခိုက်နေတဲ့ရလဒ်ဖြစ်ပါတယ်။ ဒီလိုခုခံတဲ့အခါ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကိုပါ ရောဂါပိုးနဲ့အတူရောပြီး တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။ အဲဒီအခါ တစ်ရှူးတွေရောင်ရမ်းစေပြီးခန္ဓာကိုယ်ဆဲလ်တွေကို ထိခိုက်စေပါတယ်။ အဆစ်နဲ့ကြွက်သားတွေမှာ ဖြစ်တဲ့အခါ နာကျင်ကိုက်ခဲတာတွေခံစားလာရပါတယ်။ ဒီလိုဖြစ်ရင် နာကျင်ကိုက်ခဲမှုတွေအပြင် ဒူးဆစ်၊ တံတောင်ဆစ် ဒါမှမဟုတ် လက်ကောက်ဝတ်တို့မှာ အဆစ်တွေ တောင့်တင်းပြီး ကွေးဆန့်ရခက်လာ နိုင်ပါတယ်။ရောဂါပိုးကြောင့် ပဋိပစ္စည်းတွေ ထွက်ရှိလာရာကနေ နောက်ဆုံးမှာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတစ်ရှူးတွေကို ထိခိုက်စေပြီး အဆစ်တွေရောင်တယ်၊ လှုပ်ရှားရခက်လာပါတော့တယ်။

အခုလိုနာကျင်ကိုက်ခဲရတာက ရောဂါပိုးကို ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က တုံ့ပြန်တိုက်ခိုက်နေတဲ့ရလဒ်ဖြစ်ပါတယ်။ ဒီလိုခုခံတဲ့အခါ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကိုပါ . . .

ဗိုင်းရပ်စ်ရဲ့ အဆိပ်အတောက်အကြွင်းအကျန်တွေကြောင့်လည်း အခုလိုဖြစ်စေနိုင်ပါတယ်။ ဒီအဆိပ်အတောက်တွေကြောင့် အရိုးနုတစ်ရှူးတွေကို ထိခိုက်ပြီး အဆစ်တွေ ရောင်ရမ်းစေနိုင်တာပါ။ ဒီရောဂါပိုးကို ရရှိပြီးရက်ပိုင်းအတွင်း သို့မဟုတ် သီတင်းပတ်နဲ့ချီပြီး နာကျင်ကိုက်ခဲမှုကိုခံစားရနိုင်ပါတယ်။ အဆစ်နာဝေဒနာ ဖြစ်လာတဲ့ အချိန်ကျ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ မရှိတော့ပါဘူး။ဆင်တုပ်ကွေးကြောင့် အဖြစ်များတဲ့ အဆစ်နာတွေကလက်ဆစ်တွေ၊ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်၊ခြေချင်းဝတ်၊ ခြေဆစ်တွေ၊ တင်ပါးဆုံရိုး တစ်စိတ်တစ်ပိုင်းတို့မှာ ဖြစ်တတ်ပါတယ်။

ဘယ်လောက် ကြာတတ်လဲ

ဆင်တုပ်ကွေးလက်ကျန် အဆစ်နာဝေဒနာက သုံးလလောက်ထိ ခံစားရနိုင်သလို တချို့လူတွေမှာ တစ်နှစ်လောက်အထိ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်က ကျန်းမာလေ၊ အားနည်းကျန်ရစ်ခဲ့နိုင်ခြေ ပိုနည်းလေ ဖြစ်တာမို့ကျန်းမာအားပြည့်အောင် စားသောက်နေထိုင်တတ်သူတွေဆို သူများထက် ပိုပြီးမြန်မြန်သက်သာလာတတ်ပါတယ်။ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီးဒဏ်ခံရတတ်ပါတယ်။

ဘယ်လို သက်သာအောင် လုပ်ရမလဲ

ဒီဝေဒနာတွေကို သက်သာဖို့က နည်းလမ်း (၃) မျိုးရှိပါတယ်။

(၁) လေ့ကျင့်ခန်း

နာလို့ နားနေရာကနေ အရိုးအဆစ်တွေကို သိပ်မလှုပ်ရှားဖြစ်တဲ့အခါ နာကျင်မှုက တိုးလာပါတယ်။ ညဘက်သိပ်မလှုပ်ရှားဖြစ်တော့ မနက်အိပ်ရာထတဲ့အခါ တစ်ကိုယ်လုံးပိုပြီး နာကျင်တောင့်တင်းနေရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်ပိုင်းမှာ အဆစ်အမြစ်တွေအားလုံးကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ ဖြည်းဖြည်းချင်း လှုပ်ရှားပေးပါ။ ဒီလို လေ့ကျင့်ခန်း လေးတွေ ညင်ညင်သာသာလုပ်ရင် ရပါပြီ။

−ထိုင်ခုံမှာ ထိုင်ပြီး ခြေထောက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းပါ။

−မတ်တပ်ရပ်ပြီး ခြေထောက်တစ်ဖက်ချင်းစီ မြှောက်ပါ။

−မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်တစ်ဖက်စီကို စောင်းလှည့်ပါ။

−အလေးအပင်တွေ မ မပါနဲ့။ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

(၂) ရေခဲ

−နာကျင်ရောင်ရမ်းနေတဲ့နေရာတွေကို ရေခဲဝတ်ကပ်ပေးပါ။ နာကျင်မှု သက်သာသွားပါလိမ့်မယ်။

(၃) အကိုက်အခဲပျောက်ဆေး

−ဒီဝေဒနာအတွက် သင့်တော်တဲ့ အကိုက်အခဲပျောက်ဆေးကို ဆရာဝန်က ညွှန်းပေးလိုက်မှာပါ။

−ဆရာဝန်ညွှန်ကြားတဲ့ အမျိုးအစားနဲ့ ပမာဏကိုပဲ သောက်ပါ။ အကိုက်အခဲပျောက်ဆေးနဲ့ ယာယီသက်သာစေနိုင်ပေမဲ့ အလွန်အကျွံမသောက်သင့်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် သောက်တာများလွန်းရင် အစာအိမ်သွေးယိုတာ၊ အသည်းနဲ့ကျောက်ကပ်ကို ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။

−သီတင်းပတ် သုံးပတ်ထက်ကျော်ပြီး နာကျင်ကိုက်ခဲမှုတာရှည်နေရင်တော့ ဆရာဝန်နဲ့ပြန်ပြပြီး တိုင်ပင်သင့်ပါတယ်။

(ရေးသားသူ − Yun Sandi Nan Mon ၊ ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ − Dr. Thurein Hlaing Win ) Hello ဆရာဝန် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021