ရေဆန်ကို လှော်ခတ်ခြင်း

ရေဆန်ကို လှော်ခတ်ခြင်း

(အမှတ် ၉၄၄ မှ အဆက်)

မီးရထားလမ်းဘေး ဝဲ၊ ယာရှိကျေးရွာများသို့ ခရီးထွက်ရာမှ အပြန်ခရီးတွင် ကန့်ဘလူသို့ မွန်းလွဲ ၁ နာရီဆိုက်သော မန္တလေး-• မြစ်ကြီးနား အဆန်ရထားဖြင့်ဖြစ်စေ၊ ညသန်းခေါင်ကျော်လောက်တွင် ကန့်ဘလူသို့ရောက်သော မြစ်ကြီးနား-•မန္တလေး အစုန်ရထားဖြင့်ဖြစ်စေ ကန့်ဘလူသို့ပြန်ကြရပါသည်။

ညရထားဖြင့်လိုက်ရမည့်အပြန်ခရီးတွင် မီးရထားမှာ မိမိတို့လိုက်မည့်ဘူတာငယ်သို့ ည ၁၀ နာရီလောက်မှ ဆိုက်ရောက်မည်ဖြစ်ရာ မိမိတို့မှာ နေ့လယ် သို့မဟုတ် ညနေပိုင်းတွင် ၎င်းဘူတာသို့ ရောက်ရှိပါက နာရီများစွာ စောင့်ရပါသည်။ သို့ဖြစ်၍ ကြားအချိန်တွင် ကုန်ရထားရောက်ရှိလာပါက လူစီးတွဲပါလျှင်လူစီးတွဲမှလည်းကောင်း၊ လူစီးတွဲမပါလျှင် ဂတ်ဗိုလ် (ရထားထိန်း)၏ တွဲမှလည်းကောင်း လိုက်ပါကြရပါသည်။ 

တစ်ခါမှာတော့ ဘူတာငယ်တစ်ခုတွင် ညလူစီးရထားကို စောင့်နေစဉ် ကျောက်မီးသွေးဖြင့်မောင်းသော မီးရထားကြီးရောက်လာပါသည်။ နောက်တွဲများမပါပါ။ ကျောက်မီးသွေးတင်သည့် တွဲသာလျှင်ပါပါသည်။ မိမိ၏ရုံးအကူက မီးရထားစက်ခေါင်းရှိရာသို့သွားရောက်ပြီး ပြန်လာ၍ "ဆရာ ခေါင်းတွဲမှာတော့ အပိုလူစီးစရာနေရာ လွတ်မရှိဘူး။၊ စက်ခေါင်းရဲ့ ဘယ်ညာတစ်ဖက်တစ်ချက်မှာရှိတဲ့ မီးလုံးတစ်လုံးစီရဲ့အပေါ်မှာ လူတစ်ယောက် ချောင်ချောင်ချိချိထိုင်နိုင်တဲ့နေရာ နှစ်နေရာရှိတယ်၊ အဲဒီက လိုက်ချင်ရင် လိုက်နိုင်ပါတယ်လို့ စက်ဗိုလ်က ပြောပါတယ်" ဟု မိမိအားလာပြောသဖြင့် မိမိလိုက်ကြည့်ပါသည်။ စက်ခေါင်း၏ဝဲယာရှိ မီးလုံးတစ်လုံးစီ၏ အထက်တွင် လူတစ်ယောက်တင်ပျဉ်ခွေ၍ ချောင်ချောင်ချိချိထိုင်နိုင်သည်ကို တွေ့ရသည်။ အောက်ခံသံပြားမှာလည်း အတော်ထူသည့်အပြင် ဘေးပတ်ဝန်းကျင်တွင်လည်း အန္တရာယ်ပြုနိုင်မည့် အခြေအနေမရှိပေ။ အရေးအကြီးဆုံးမှာ အမိုးတန်းများပါသော မီးရထားတံတားအချို့နှင့်မိမိတို့၏ဦးခေါင်းများ လွတ်၊ မလွတ်ဆိုသည့်အချက်ပင်ဖြစ်သည်။ ဤမီးရထားလမ်းတွင် Óဏ်နည်းသူအချို့ကမီးရထားတွဲခေါင်မိုးပေါ်တက်၍ စီးနင်းလိုက်ပါကြသောကြောင့် မီးရထား တံတား၏အမိုးတန်းများနှင့် တိုက်မိပြီးအောက်သို့ကျ၍ သေဆုံးမှုများကို မိမိက သေမှုသေခင်းအမှုဖွင့်၍ စုံစမ်းရသည့် အတွေ့အကြုံရှိသောကြောင့်ထိုအချက်ကိုသတိပြုမိခြင်းဖြစ်သည်။ ယခု မိမိတို့ထိုင်လျက်စီးနင်းလိုက်ပါမည့် နေရာမှာ စက်ခေါင်း၏ အမိုးအောက်ပင် တစ်တောင်ခန့်နိမ့်ကျလျက်ရှိသဖြင့် အန္တရာယ်မရှိနိုင်။ ပြဿနာမှာ မီးရထားအရှိန်ရလာသည်နှင့်အမျှ လေတိုးသည့် အရှိန်များပြင်းထန်လာမည်ကို ခံနိုင်ရည်ရှိဖို့သာလိုသည်။ ဆောင်းအခါဖြစ်၍ သာမန်အားဖြင့်ဆိုလျှင် ခံနိုင်မည်မဟုတ်။ သို့သော် မိမိတွင် သိုးမွေးခေါင်းစွပ်အပြင် သားရေတု ဂျာကင်ပါသဖြင့် ဇစ်ဆွဲ၍ပိတ်ထားလျှင် ထိုအန္တရာယ်ကို ကောင်းစွာခံနိုင်သည့်အပြင် ရုံးအကူတွင်လည်း စစ်ဆွယ်တာနှင့် အမွေးပွမျက်နှာသုတ်ပဝါတစ်ထည်ပါသဖြင့် နှစ်ဦးစလုံး အဆင်ပြေဖွယ်ရှိသည်။သို့ဖြစ်၍ ညနေ နေမဝင်မီအချိန်တွင် အဆိုပါစက်ခေါင်းတွဲဖြင့်လိုက်ပါခဲ့ကြရာ တစ်နာရီကျော်လောက်ကြာသောအခါ ကန့်ဘလူဘူတာသို့ ချောမောစွာ ဆိုက်ရောက်ခဲ့ကြ၍ စက်ဗိုလ်အား အလေးပြုနှုတ်ဆက်ကာစက်ခေါင်းပေါ်မှ ဆင်းနေခဲ့ကြပါသည်။ (ကန့်ဘလူဘူတာမှ မိမိ၏နေအိမ်သို့လမ်းလျှောက်၍ပြန်လာစဉ် ဤကမ္ဘာပေါ်၌ မိမိကဲ့သို့မီးရထား စက်ခေါင်းပေါ်တက်ပြီး မီးရထားစီးဖူးသူ လူသားတစ်ယောက် တစ်လေမျှပင်ရှိပါမည်လားဟူ၍ တွေးပြီးပြုံးမိခဲ့သေးသည်ကို သတိရနေပါသေးသည်။) 

အချို့သောဒေသများတွင် ဖွဲ့စည်းပုံအရ နယ်ပိုင်ဝန်ထောက်ရုံးနှင့် မြို့ပိုင်ရုံးတို့ကို ပူးတွဲဖွင့်လှစ်ထားသော်လည်း တာဝန်အရခွဲခြားရလျှင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၏ လုပ်ငန်းတာဝန်အားလုံးမှာ မြို့ပိုင်၏တာဝန်ဖြစ်သည်။ နယ်ပိုင်ဝန်ထောက်များ၏ အဓိကတာဝန်မှာ ခရိုင်ဝန်ကိုယ်စားမြို့ပိုင်များ၏ လုပ်ငန်း ဆောင်ရွက်မှုကို ကြီးကြပ်ရန်သာဖြစ်သည်။ ကန့်ဘလူမြို့နယ်တွင် မြို့ပိုင်ကိုခန့်ထားခြင်းမပြုခဲ့သည်မှာ ကာလအတော်ကြာမြင့်ခဲ့ပုံရသည်။ မြို့ပိုင်၏လုပ်ငန်းတာဝန်အားလုံးကို နယ်ပိုင်ဝန်ထောက်ကပင် ပူးတွဲဆောင်ရွက်နေခဲ့သဖြင့် စာရေးများမှာလည်း နယ်ပိုင်ဝန်ထောက်ရုံး၏ စာရေးများအဖြစ် မှတ်ယူနေကြပုံရသည်။ မိမိအနေဖြင့် နယ်ပိုင်ဝန်ထောက်နှင့်မြို့ပိုင်ရုံးတို့ ပူးတွဲထားသောရုံးတွင် မလုပ်ခဲ့ဖူးသောကြောင့် မြို့ပိုင်၏တာဝန်များကို မိမိသဘောအလျောက် လွတ်လပ်စွာလုပ်ကိုင်ခဲ့သော အတွေ့အကြုံသာရှိခဲ့သည်။ မိမိ ကန့်ဘလူသို့ရောက်ရှိသည့်အချိန်တွင် စာပေးစာယူလုပ်ငန်းကိုတာဝန်ယူရသော စာရေးက မြို့ပိုင်ထံလိပ်မူထားသောစာများအပါအဝင် ဝင်စာအားလုံးကို နယ်ပိုင်ဝန်ထောက်ထံ တင်ပြသည်ကိုတွေ့ရသည်။ နယ်ပိုင်ဝန်ထောက်က လက်မှတ်တိုထိုး၍ မိမိထံလွှဲပေးသည်။ မိမိရောက်သောအခါ မြို့ပိုင်ထံလိပ်မူထားသောစာများကို မိမိထံတိုက်ရိုက်တင်ပြရန်နှင့် နယ်ပိုင်ဝန်ထောက်ထံ လိပ်မူထားသောစာများကိုသာ ၎င်းထံတင်ပြရန် ရုံးအုပ်စာရေးနှင့် စာပေးစာယူစာရေးတို့ကို ခေါ်ယူပြောကြားရသည်။ မြို့နယ်အစိုးရဌာနများ၊ ကျေးရွာသူကြီးများနှင့် ဆက်ဆံရာတွင်လည်း မြို့ပိုင်အနေဖြင့်သာ ဆက်ဆံဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်ခြင်းအတွက် မိမိကနယ်ပိုင်ဝန်ထောက်နှင့် ညှိနှိုင်းခြင်းမရှိချေ။ နယ်ပိုင်ဝန်ထောက်ကြီး ဦးလှအောင်မှာ စာရေးဘဝမှတက်လာသူဖြစ်၍ ရုံးလုပ်ငန်းအတွေ့အကြုံများသူဖြစ်ပြီး သဘောလည်းအလွန်ကောင်းပါသည်။ မိမိလုပ်ဆောင်နေမှုများတွင် ဝင်ရောက် စွက်ဖက်ခြင်းမရှိပါ။ အထက်အရာရှိတစ်ဦးအနေဖြင့် မိမိအားမောက်မာစွာဆက်ဆံခြင်းလည်းမရှိပါ။ အိမ်ချင်းကပ်နေသဖြင့် တဖြည်းဖြည်းနှင့် မိသားစုချင်းပါ အလွန်ရင်းနှီးလာကြပါသည်။

အထက်တွင် ကန့်ဘလူမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေးအခြေအနေကို ဖော်ပြရင်း ကန့်ဘလူမြို့နယ်၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော မန္တလေး•-မြစ်ကြီးနား မီးရထားပိုင်း၏ အတွေ့အကြုံများကို တစ်ဆက်တည်းဖော်ပြဖြစ်သွားသည်။ ယခုဆက်လက်၍ ကန့်ဘလူမြို့ပိုင်အဖြစ် စတင်ဆောင်ရွက်ချိန်မှစ၍ တွေ့ကြုံခဲ့ရသော အကြောင်းအရာများကိုဖော်ပြပါမည်။ 

မိမိသည် ကန့်ဘလူမြို့ပိုင်၏ တာဝန်ဝတ္တရားမျာကို လွှဲပြောင်းယူပြီးနောက် ကျေးရွာများသို့ခရီးမထွက်ဖြစ် သေးဘဲ ရုံးလုပ်ငန်းများလေ့လာနေခဲ့သည်။ မိမိတာဝန်ယူပြီး လေးငါးရက်လောက်ကြာသောအခါ နယ်ပိုင် ဝန်ထောက်၊ ရဲဝန်ထောက်နှင့်အစိုးရဌာနအကြီးအကဲတချို့ပါဝင်သောအဖွဲ့သည် ကျေးရွာများသို့ ခရီးထွက်သွားကြသည်။ ထိုအချိန်က ကန့်ဘလူမြို့တွင် ကျေးရွာအုပ်စုအလိုက် ဘောလုံးပွဲများကျင်းပလျက်ရှိရာ ထိုနေ့ကကန့်ဘလူကျေးရွာအုပ်စုအသင်းနှင့် ထန်းတစ်ပင်(ဇီးကုန်း) ကျေးရွာအုပ်စုအသင်းတို့ ဘောလုံးပွဲရှိသည်ကို မိမိမသိရှိပေ။ မြို့နယ်ဘောလုံးကွင်းမှာ အစိုးရအထက်တန်းကျောင်းနှင့် နယ်ပိုင်ဝန်ထောက်၏အိမ်အကြားတွင်ရှိရာ မိမိအိမ်နှင့်ဆိုလျှင် နယ်ပိုင်ဝန်ထောက်၏ အိမ်တစ်ဆောင်သာခြားသည်။ ဘောလုံးပွဲကျင်းပနေချိန်တွင် ရုံးဆင်းချိန်ဖြစ်၍ မိမိမှာနေအိမ်သို့ပြန်ရောက်နေပြီဖြစ်သည်။ ထိုစဉ်စစ်သုံးစွပ်ကျယ်လက်ပြတ်အင်္ကျီနှင့် ချည်လုံချည်တို့ကိုဝတ်ပြီး ရဲသုံးခါးပတ်ပတ်ထားသော အသားမည်းမည်းလူဝကြီးတစ်ယောက် စတင်းဂန်းသေနတ်လွယ်လျက် မိမိအိမ်သို့ရောက်လာပြီး "မြို့အုပ်မင်းကန့်ဘလူ- ဇီးကုန်းဘောလုံးပွဲမှာ နှစ်ဖက်ရန်ဖြစ်ကြပြီး အခုဇီးကုန်းကလူတွေမြို့ထဲက စားသောက်ဆိုင်ကိုဖျက်၊ လူတွေလိုက်ရိုက်၊ မီးရှို့မယ်ဆိုပြီး ရုံးရင်းဆန်ခတ်ဖြစ်နေပါတယ်" ဟု သတင်းပို့ပါသည်။ ၎င်း၏ ပြောပြချက်အရ ၎င်းသည် ကန့်ဘလူရဲစခန်းမှ ဂါတ်စာရေး(တပ်ကြပ်ကြီး) ဖြစ်ကြောင်းသိရသည်။ ၎င်းမှာ အလွန်ဝပြီးအရပ်လည်းမြင့်သူဖြစ်သည်။ ၎င်းအမည်ကိုကားမမှတ်မိတော့ချေ။ အခင်းဖြစ်ရာနေရာမှာ မိမိအိမ်နှင့် ငါးမိနစ်ခရီးလောက်သာဝေးသဖြင့် လူတွေပြေးလွှားနေသည်ကိုတွေ့မြင်ရသည့်အပြင် စားသောက်ဆိုင်ရှိ စားပွဲ၊ ကုလားထိုင်များကိုလည်း ဖျက်ဆီးနေကြသည်ကိုလှမ်းမြင်နေရသည်။ မိမိလည်း စွပ်ကျယ်အင်္ကျီဝတ်လျက်နှင့်ပင် ထိုသူနှင့်အတူ ထလိုက်သွားသည်။ ၎င်းတွင် စတင်းဂန်းသေနတ်တစ်လက်ပါလာခြင်းကြောင့် အိမ်ကထွက်သွားသည်နှင့် မိမိက တပ်ကြပ်ကြီးအား "ဂတ်စာရေးကြီး၊ ပထမဆုံးစာရေးကြီးတာဝန်က ကျုပ်တို့နှစ်ယောက်စလုံးရဲ့ လုံခြုံရေးပဲဗျ၊ ကျုပ်တို့ကိုရန်မူမယ့်လူဆိုရင်တော့ ပစ်ရမှာဘဲ၊ ဒါပေမဲ့ ကျွန်တော်က ပစ်မိန့်ပေးမှပစ်ပါ၊ ပစ်ရင်လည်း အော်တိုမက်တစ် မပစ်ပါနဲ့၊ ကျည်တစ်တောင့်ချင်းသာပစ်ပါ" ဟုပြောရာ သူက "ဟုတ်ကဲ့ ကျည်ထိုးထားပါတယ်" ဆိုပြီး ပြန်ပြောပါသည်။ 

အခင်းဖြစ်ပွားသည့်နေရာအနီးသို့ ရောက်သောအခါ ရဲတပ်ကြပ်ကြီးက "ဟေ့ကောင်တွေ၊ ဒီမှာ မြို့နယ်ရာဇဝတ်တရားသူကြီးကွ" ဟုအော်ပြောရာ မိမိကလည်း၊ဟေ့ကောင်တွေ မင်းတို့အားလုံးမြေကြီးပေါ်ထိုင်ချလိုက်ကြ၊ ဆက်လုပ်နေမယ်ဆိုရင် ငါပစ်မိန့်ပေးမယ်၊ အခုချက်ချင်းရပ်ပြီး မြေကြီးပေါ်ထိုင်ချလိုက်ကြ" ဟူ၍ အော်ပြောပါသည်။ ထိုလူစုအနီးမှ လူပိန်သေးသေးလေးတစ်ယောက် မိမိတို့ရှိရာသို့ထွက်လာပြီး "မြို့အုပ်မင်းမပစ်ပါနဲ့ဦး၊ ကျွန်တော် သူတို့ကို ပြောပါရစေဦး" ဟုပြောသဖြင့် မိမိက "မင်းကဘယ်သူလဲ" ဟုမေးရာ ၎င်းက"ကျွန်တော်က မြို့နယ်အလုပ်သမားကောင်စီ အတွင်းရေးမ·းပါ၊ ကျွန်တော်သူတို့ကိုပြောပါမယ်" ဟုပြောသည်။ ထိုလူနည်းတူပင် အခြားလူတစ်ယောက်တည်းကလည်း မပစ်ပါနဲ့၊ ကျွန်တော်သူတို့ကို ထိန်းပါ့မယ်၊ ကျွန်တော်က ဇီးကုန်းက မူလတန်းကျောင်းအုပ်ပါဟုပြောရာ မိမိက"အေး- အဲဒီလိုဆို သူတို့အားလုံးကိုမြေကြီးပေါ်ထိုင်ခိုင်းလိုက်" ဟုပြောရာ ထိုသူနှစ်ဦးက ဆူပူနေသူများအနီးသို့သွားရောက်ပြီး "မင်းတို့အားလုံးထိုင်ချလိုက်ကြ၊ မထိုင်ရင် သေနတ်နဲ့ပစ်လိမ့်မယ်" ဟုပြောသဖြင့် ဆူပူသူများ မြေကြီးပေါ်သို့ ထိုင်ချလိုက်ကြပါသည်။ ဆူပူသူဦးရေသိပ်မများပါ။ ဆယ့်လေးငါးဦးလောက်သာရှိပါသည်။ ၎င်းတို့အားလုံး မြေကြီးပေါ်ထိုင်ချလိုက်ကြသောအခါ မိမိက "ကောင်းပြီ နှစ်ယောက်တစ်တွဲ တန်းစီကြ၊ ရဲစခန်းကိုသွားမယ်" ဟုပြောပြီး ၎င်းတို့ကိုရှေ့ကသွားစေပြီး ဂါတ်စာရေးကြီးက ၎င်းတို့နောက်မှသေနတ်ကိုင်လျက်လိုက်ပါ၍ မိမိက ဂါတ်စာရေးကြီးနောက်မှ လိုက်ပါသွားသည်။ ရဲစခန်းသို့ရောက်သောအခါ ၎င်းတို့ကိုမြေကြီးပေါ်ထိုင်ခိုင်းထားပြီး ရဲတပ်သားနှစ်ဦးကိုအစောင့်ချထားသည်။ ချုပ်နှောင်ခြင်းကားမပြုပေ။ ထို့နောက် သန်းခေါင်ကျော်လောက် မြစ်ကြီးနားရထားရောက်ခါနီးအချိန်လောက်တွင် ၎င်းတို့ကိုနှစ်ယောက်တစ်တွဲတန်းစီစေပြီး ရဲစခန်းအနီးရှိ မီးရထားဘူတာရုံသို့သွားစေပါသည်။ ထို့နောက် ၎င်းတို့ထံမှမီးရထားခငွေတောင်းခံ၍ မီးရထားလက်မှတ်များဝယ်စေပြီး မီးရထားပေါ်တင်ပေးလိုက်ပါသည်။ နောက်တစ်နေ့တွင် နယ်ပိုင်ဝန်ထောက်နှင့် နယ်စီးရဲဝန်ထောက်တို့ပြန်ရောက်လာသောအခါ အကျိုးအကြောင်းပြောပြပြီး မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီအစည်းအဝေးပြုလုပ်၍ ထိုပြစ်မှုကျူးလွန်ခဲ့သူများကို ရာဇသတ်ကြီး ၁၄၇ အရ ရုန်းရင်းဆန်ခတ်မှုဖြင့် တရားစွဲဆိုရန်ဆုံးဖြတ်ပြီး ရွှေဘိုမြို့ ရာဇဝတ်တရားသူကြီးရုံးတွင်တရားစွဲတင်ရာ ရာဘက်ရာဇဝတ်တရားသူကြီးတစ်ဦး၏ရုံးတွင် ယင်းအမှုများကိုစစ်ဆေးသည်ကို မှတ်မိသည်။ 

မြေခွန်ပေးသွင်းရန်အရစ်ကျသတ်မှတ်ပေးထားသော်လည်း သက်ဆိုင်ရာအရစ်အတွက် ငွေသွင်းသည့်အခါ သတ်မှတ်အရစ်ထက်ကျော်လွန်၍ ကောက်ခံရရှိထားပြီးငွေများကို ပေးသွင်းရ . . .

ထို့နောက် ပွင့်လင်းရာသီရောက်လာပြီး ကျေးရွာအုပ်စုအလိုက် မြေခွန်ကောက်ခံရန်မြေစာရင်းဌာနမှ မြေခွန်ပြေစာများကို မြို့ပိုင်ရုံးသို့ပေးပို့လာခဲ့သည်။ မြေခွန်များကောက်ခံရေးကိစ္စတွင် မိမိသည် ကျိုက်မရောမြို့ပိုင်အဖြစ်ဆောင်ရွက်ခဲ့စဉ်ကပင် ကျင့်သုံးခဲ့သော စနစ်တစ်ခုကိုချမှတ်ခဲ့သည်။ မိမိ၏လေ့လာသိရှိထားချက်အရ မြေခွန်ကောက်ခံရန်တာဝန်ရှိသော ကျေးရွာသူကြီးများသည် မြေခွန်များကို ကောက်ခံရရှိပြီးဖြစ်သော်လည်း မြို့ပိုင်ရုံးသို့ပေးသွင်းခြင်းမရှိဘဲ လှည့်ပတ်သုံးစွဲထားပြီး ဘဏ္ဍာနှစ်ကုန်ကာနီးတွင်မှ လာရောက်ပေးသွင်းလေ့ရှိကြသည်။မြေခွန်များကိုပြေကြေအောင်မသွင်းနိုင်ဘဲ အလွဲသုံးစားပြုလုပ်မှုများကိုလည်း တွေ့ရှိခဲ့ရသည်။ ဤကိစ္စမျိုးကို ကာကွယ်ရန်အတွက် လစဉ်အရစ်ကျပေးသွင်းရမည့်အခွန်ငွေများကို စာရွက်တွင်ဇယားပုံစံဖြင့် သတ်မှတ်ပေးပြီး အခွန်ပြေစာများနှင့်အတူ ကျေးရွာအုပ်စုသူကြီးထံပေးအပ်လိုက်သည်။ အရစ်ကျပေးသွင်းရမည့် အခွန်များသည် ကျေးရွာအုပ်စုအတွက် အများဆုံးခွင့်ပြုသည့်အရစ် ငါးရစ်ထက်မကျော်စေရပေ။ အနည်းဆုံးမှာ နှစ်ရစ်ဖြစ်သည်။ ထိုအခွန်ကောက်ခံမှုဇယားအရ အရစ်ကျအခွန်ငွေပေးသွင်းသွားခြင်းရှိ၊ မရှိကို အခွန်ဌာနအား တာဝန်ယူရသည့် စာရေးကြီးများက မြို့ပိုင်ထံတင်ပြရပြီး အရစ်ကျအခွန် လာရောက်ပေးသွင်းခြင်းမရှိသူ ရွာသူကြီးထံ သတိပေးနှိုးဆော်စာထုတ်ရသည်။ ထိုစနစ်ကို မိမိကျိုက်မရောမြို့နယ်တွင် တာဝန်ကျစဉ်က စတင်ကျင့်သုံးခဲ့ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် အခွန်ငွေအားလုံးအပြေအကျေမရခဲ့သော်လည်း အခွန်မပြေကျန်ငွေ (မနလနညကန မနခသလနမပ) အဖြစ် အမှုဖွင့်လှစ်ဆောင်ရွက်ရမှုအလွန်နည်းပါးသွားသည့်အပြင် အခွန်တော်အလွဲသုံးစားလုပ်မှုလည်း ပေါ်ပေါက်ခြင်းမရှိတော့ချေ။ 

နယ်ပိုင်ဝန်ထောက်ကမူ မိမိ၏စနစ်ကို သိပ်သဘောကျပုံမရပေ။ လစဉ်ပေးသွင်းရမည့်အရစ်ထက်အခွန်ငွေပိုရထားပြီးဖြစ်လျှင် သို့မဟုတ် ကျေးရွာအုပ်စုတစ်ခုလုံးအတွက် အခွန်ငွေအားလုံးကို ကောက်ခံထားပြီးဖြစ်လျှင် ဘယ်လိုလုပ်မလဲဟုထောက်သည်။ မိမိက ဇယား၏အောက်ဆုံးတွင် "မြေခွန်ပေးသွင်းရန်အရစ်ကျသတ်မှတ်ပေးထားသော်လည်း သက်ဆိုင်ရာအရစ်အတွက် ငွေသွင်းသည့်အခါ သတ်မှတ်အရစ်ထက်ကျော်လွန်၍ ကောက်ခံရရှိထားပြီးငွေများကို ပေးသွင်းရမည်" ဟု ဖော်ပြထားကြောင်း ရှင်းပြရသည်။ ထိုစနစ်အရ မြေခွန်ကောက်ခံရာတွင် မိမိ တာဝန်ယူသည့် ပထမနှစ်၌မြေခွန်မပြေကျန်ငွေမှာ ယခင်နှစ်များကထက် များစွာလျော့နည်းသွားခဲ့သည်။ ဒုတိယနှစ်တွင်မူ ဘဏ္ဍာနှစ်မကုန်ဆုံးမီ အခွန်အားလုံးပြေကျေသွားခဲ့သည်။ ရွာသူကြီးအများစုမှာ နောက်ဆုံးအရစ် အခွန်ငွေကို လာရောက်ပေးသွင်းသည့်အခါ စုစုပေါင်းအခွန်ငွေပေါ်တွင် ၎င်းရရှိသည့် ကော်မရှင် ၁၀ ရာခိုင်နှုန်းကို ခုနှိမ်၍ ပေးသွင်းလိုကြရာ မိမိက မြေခွန်ကောက်ခံရရှိမှုအတွက် ကော်မရှင်ငွေထုတ်ပေးသည့်ပုံစံတွင် ငွေရရှိပြီးဖြစ်ကြောင်း သက်ဆိုင်ရာသူကြီးအားလက်မှတ်ရေးထိုးစေပြီး ခုနှိမ်ခွင့်ပေးခဲ့သည်။ ထိုစဉ်က  ကျင်းပသော စစ်ကိုင်းတိုင်းမင်းကြီး၏ ခြောက်လပတ်အစည်းအဝေးတွင် ဘဏ္ဍာနှစ်မကုန်မီ မြေခွန်အားလုံးပြေကျေသော မြို့နယ်မှာ ကန့်ဘလူတစ်မြို့နယ်သာ
ရှိခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021