၂ဝ၁၉-၂ဝ ချန်ပီယံလိဂ် အုပ်စုတွေအကြောင်း

၂ဝ၁၉-၂ဝ ချန်ပီယံလိဂ် အုပ်စုတွေအကြောင်း

၂ဝ၁၉-၂ဝ ဘောလုံးရာသီ ချန်ပီယံလိဂ်ပွဲတွေ စက်တင်ဘာ ၁၇ ကစပြီးယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုပွဲတွေ ကြည့်လိုက်ရင် ဘယ်အသင်းတွေဟာ နောက်တစ်ဆင့်တက်မယ်ဆိုတာ မြင်သာနေပါတယ်။ ခက်ခဲတဲ့အုပ်စုဆိုလို့ ဘာစီလိုနာအုပ်စုနဲ့ ဇင်းနစ်အုပ်စုလောက်သာရှိပါတယ်။ ဒီနှစ်မှာ ရီးယဲလ်မက်ဒရစ်ဟာ ဦးစားပေးအဆင့်သတ်မှတ်ခြင်းမခံရပါဘူး။ ယူရိုပါလိဂ်ချန်ပီယံ ချယ်လ်ဆီးနဲ့ ဇင်းနစ်တို့ ဦးစားပေး သတ်မှတ်ခံရပါတယ်။

ပီအက်စ်ဂျီ ဦးဆောင်တဲ့အုပ်စု(က)

အုပ်စု(က)မှာ ပီအက်စ်ဂျီက ဦးစားပေးအသင်းဖြစ်ပါတယ်။ ဒီအုပ်စုမှာပီအက်စ်ဂျီနဲ့အတူ ရီးယဲလ်မက်ဒရစ်၊ ဂါလာတာစာရေးနဲ့ ဘရုဂျက်တို့အတူကျနေပါတယ်။ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်ဟာ ခြေစစ်ပွဲကစားပြီးမှ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ တူရကီကလပ် ဂါလာတာစာရေးက တိုက်ရိုက် ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီအုပ်စုကိုကြည့်လိုက်ရင် ပီအက်စ်ဂျီနဲ့ရီးယဲလ်မက်ဒရစ်တို့ပဲ တက်မယ်ဆိုတာ ထင်ရှားပါတယ်။ အုပ်စုတတိယနေရာအတွက် ဂါလာတာစာရေးနဲ့ ဘရုဂျက်တို့ လုကြရမှာဖြစ်ပါတယ်။

ပွဲစဉ် (၁) မှာတင် ပီအက်စ်ဂျီနဲ့ ရီးယဲလ်မက်ဒရစ်၊ ဘရုဂျက်နဲ့ ဂါလာတာစာရေးတို့ ထိပ်တိုက်တွေ့နေပါတယ်။ပီအက်စ်ဂျီဟာ ဒီရာသီမှာ ပြင်ဆင်အားမကောင်းပါဘူး။ ကာဗာနီ၊ အမ်ဘာပီ၊ ချူပိုမိုတင်၊ ဆာရာဘီယာတို့ပဲ ကစားနေပါတယ်။ ပြင်သစ်လိဂ်မှာတော့ ပီအက်စ်ဂျီက အကောင်းဆုံးကစားနေပါတယ်။ ဒီရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီဟာ ထိပ်တန်းကစားသမားတွေ ခေါ်ယူခြင်းအားနည်းခဲ့ပါတယ်။ ကာဗာနီ၊ သီယာဂို၊ မာကွင်ဟို၊ ဒီမာရီယာတို့ကိုပဲ အားထားကစားနေတဲ့ အသင်းဖြစ်ပါတယ်။ရီးယဲလ်မက်ဒရစ်က လာလီဂါမှာခြေမှန်မရသေးပါဘူး။ ခံစစ်ကလျော့ရဲရဲရှိနေပါတယ်။ ဂါရက်ဘေးလ်ကို ရောင်းမလိုလိုနဲ့ နောက်ဆုံးမှာ ဇီဒန်းဟာ ဘေးလ်၊ ဘန်ဇီမာ၊ တိုနီခရူးစ်၊ရာမို့စ် တို့ကိုပဲ အားထားသုံးနေပါတယ်၊ တိုက်စစ်က ဂိုးသွင်းပြီး ခံစစ်ကဂိုးပေးနေပါတယ်။ အခုပွဲစဉ် (၁) က ပဲရစ်မှာကစားမှာဖြစ်လို့ ရီးယဲလ်မက်ဒရစ် ရုန်းကန်ရပါလိမ့်မယ်။ ဒီပွဲက ချန်ပီယံလိဂ်ရဲ့ အရသာကို မြင်တွေ့ရမယ့်ပွဲ ဖြစ်ပါတယ်။

နှစ်ဖက်အပြန်အလှန် ဂိုးသွင်းကြမယ့်ပွဲဖြစ်လာပါလိမ့်မယ်။ဘရုဂျက်ဟာ ခြေစစ်ပွဲတွေကစားခဲ့ရပါတယ်။ ဒိုင်နမိုကိယက်စ်၊ LASK တို့ကိုအနိုင်ကစားပြီး ခြေစစ်ပွဲအောင်လာခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဘရုဂျက်ဟာ မနှစ်က ခြေစွမ်းပြကစားခဲ့တဲ့ ကစားသမားလေးဦးကို ရောင်းထားပေမဲ့ ခြေစစ်ပွဲတွေမှာ အကောင်းဆုံးကစားခဲ့တာတွေ့ရပါတယ်။ ဗာနက်ကင်၊ ဘိုမာ၊ ဘိုနာဗန်တူရာတို့ဟာ အမာခံကစားသမားတွေဖြစ်ပါတယ်။ ဂါလာတာစာရေးမှာ ဘယ်လင်ဟာ၊ ဘာဘယ်၊ ဇွန်ဇီတို့အမာခံကစားနေတာပါ။ နည်းပြ ဖာတစ်တာရင်ရဲ့ ဂါလာတာစာရေးဟာ တူရကီလိဂ်မှာ လောလောဆယ် ရလဒ်မကောင်းသေးပါဘူး။ ပွဲစဉ် (၁) မှာ ဘရုဂျက်ကွင်းမှာ ကစားရမှာဖြစ်လို့ ဂါလာတာစာရေး အခက်တွေ့နိုင်ပါတယ်။ ကစားသမားကောင်းတွေ မွေးထုတ်နိုင်တဲ့ ဘရုဂျက် နိုင်ပွဲစတွေ့ နိုင်ပါတယ်။ အုပ်စု(က) မှာ ပီအက်စ်ဂျီနဲ့ ရီးယဲလ်မက်ဒရစ်တို့ နောက်တစ်ဆင့် တက်မှာ သေချာပြီး ဘရုဂျက်ဟာ ယူရိုပါလိဂ် ဝင်နိုင်ပါတယ်။

ဘိုင်ယန်မြူးနစ် ဦးဆောင်တဲ့ အုပ်စု(ခ)

အုပ်စု(ခ) ဘိုင်ယန်မြူးနစ် ဦးဆောင်တဲ့အုပ်စုမှာ တော့တင်ဟမ်ဟော့စပါး၊ အိုလံပီယာကော့စ်၊ ကာဗီနာဇဗက်ဒါတို့အတူ ပါဝင်နေပါတယ်။ အိုလံပီယာကော့စ်က ဂရိကလပ်ဖြစ်ပါတယ်၊ ခြေစစ်ပွဲကစားခဲ့ရပါတယ်။ ချက်ကလပ်၊ တူရကီကလပ်၊ ရုရှားကလပ်တွေနဲ့ကစားပြီး ခြေစစ်ပွဲ အောင်လာခဲ့တာဖြစ်ပါတယ်။ ပဲလ်ဇန်ကို နှစ်ပွဲပေါင်း ၄-ဝ၊ အစ္စတန်ဘူကို နှစ်ပွဲပေါင်း၃-ဝ၊ ကရာ ဆနိုဒါကို နှစ်ပွဲပေါင်း ၆-၁ တို့နဲ့အနိုင်ရပြီး တက်လာခဲ့တဲ့အသင်းဖြစ်လို့ အိုလံပီယာကော့စ်ဟာ သတိထားရမယ့်အသင်း ဖြစ်ပါတယ်။ အိုလံပီယာကော့စ်မှာ မီဂွယ်ဂွာရဲရိုး၊ ဗယ်ဘွေနာ၊ ဒန်နီယယ်ပိုဒန်စ် တို့ဟာအဓိကကစားသမားတွေ ဖြစ်ပါတယ်။ နည်းပြပက်ဒရိုမာတင်ဟာ တိုက်စစ်ဦးစားပေးကစားတဲ့ နည်းပြဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ တော့တင်ဟမ်တို့ဟာ အိုလံပီယာကော့စ်ကွင်းရောက်ရင် သတိထားကစားရမယ့်အသင်းဖြစ်ပါတယ်။ ပွဲစဉ် (၁) မှာတင် တော့တင်ဟမ်ဟာ အိုလံပီယာကောစ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ တောတင်ဟမ်ဟော့စပါး ရုန်းကန်ရမယ့်ပွဲဖြစ်ပါတယ်။ကာဗီနာဇဗက်ဒါက ဆားဘီးယားကလပ် ဖြစ်ပါတယ်။ မနှစ်ကလည်း ချန်ပီယံလိဂ်မှာ ကစားခဲ့ပါတယ်။ ဇဗက်ဒါဟာ ပထမအဆင့်ခြေစစ်ပွဲကစပြီး ပွဲအများကြီးကစားခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ခြေစစ်ပွဲမှာ ယန်းဘွိုင်းကိုအနိုင်ရပြီး အုပ်စုအဆင့်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။မနှစ်ကခြေစွမ်းပြကစားခဲ့တဲ့ လူငယ်ကစားသမားတွေ မရှိတော့တဲ့အသင်း ဖြစ်ပါတယ်။ ပွဲစဉ် (၁) မှာ ဘိုင်ယန်မြူးနစ်ကို မြူးနစ်မှာ ကစားရမှာဖြစ်ပါတယ်။ ဒီပွဲကတော့ ဘိုင်ယန်မြူးနစ် ဂိုးအများအပြားနဲ့ အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။ ဒီအုပ်စုမှာ ကာဗီနာ ဇဗက်ဒါဟာ အားအနည်းဆုံးအသင်း ဖြစ်ပါတယ်။

မန်စီးတီး ဦးဆောင်တဲ့ အုပ်စု(ဂ)

အုပ်စု (ဂ) မှာ မန်စီးတီးနဲ့အတူ ယူကရိန်းကလပ် ရှက်တာဒိုးနက်၊ စီးရီးအေက အတ္တလန္တာ၊ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်တို့ အတူကျနေပါတယ်။ မန်စီးတီး အုပ်စုအတော်ချောင်နေတာကိုတွေ့ရမှာပါ၊ မန်စီးတီးကွင်းရောက်ရင် ပြိုင်ဘက်တွေ ဂိုးပြတ်တွေနဲ့ ရှုံးနိမ့်သွားကြပါလိမ့်မယ်။ မန်စီးတီးနဲ့အတူနောက်တစ်ဆင့်တက်ဖို့ ရှက်ခ်တာဒိုးနက် ဖြစ်လာနိုင်ပါတယ်။ ဘရာဇီးလ်ကစားသမားအများစုနဲ့ ရှက်ခ်တာဒိုးနက်ဟာ အတွေ့အကြုံရင့်တဲ့အသင်းဖြစ်ပါတယ်။ ပွဲစဉ် (၁) မှာ ဒိုင်နမိုဇာဂရက်နဲ့ အတ္တလန္တာတွေ့နေပြီး သရေကျနိုင်ပါတယ်။ ရှက်တာဒိုးနက်နဲ့ မန်စီးတီးတို့ပွဲကတော့ မန်စီးတီးနိုင်မှာ သေချာပေမဲ့ ဂိုးတော့ပြတ်မယ်မထင်ပါဘူး။

ဂျူဗင်တပ် ဦးဆောင်တဲ့ အုပ်စု (ဃ)

အုပ်စု (ဃ) ကို ဂျူဗင်တပ်က ဦးဆောင်ပါတယ်။ ဂျူဗင်တပ်နဲ့အတူ အလက်တီကိုမက်ဒရစ်၊ လေဗာကူဆင်၊ လိုကိုမိုးတစ်မော်စကိုတို့ အတူကျနေပါတယ်။ ဂျူဗီနဲ့အလက်တီကိုဟာ မနှစ်ကလည်း တွေခဲ့ကြပါတယ်။ လိုကိုမိုးတစ်လည်း မနှစ်က ချန်ပီယံလိဂ်မှာ ပါခဲ့ပါတယ်။ ဂျူဗင်တပ်က ချန်ပီယံလိဂ် ဖလားလိုချင်နေတဲ့အသင်းပါ။ နည်းပြပြောင်းထားပြီး ကစားသမားတွေလည်း တော်တော်ဖြည့်ထားတဲ့ အသင်းဖြစ်ပါတယ်။ အလက်တီကိုလည်းကစားသမား တော်တော်ပြောင်းထားတဲ့အသင်း ဖြစ်ပါတယ်။ ဒီနှစ်သင်းပဲနောက်တစ်ဆင့်ကို တက်ဖို့သေချာပါတယ်။ ပွဲဦးထွက်မှာတင် အလက်တီကိုနဲ့ ဂျူဗင်တပ် ထိပ်တိုက်တွေ့နေပါတယ်။ တီကိုကွင်းမို့ ရော်နယ်ဒိုတို့အုပ်စု ရုန်းကန်ကစားရမှာသေချာပါတယ်။ ဆီမြွန်နီရဲ့ ခံစစ်ဦးစားပေးစတိုင်ကို နည်းပြဆာရီကြုံတွေ့ရမယ့်ပွဲဖြစ်ပါတယ်။ ဒီပွဲက ဂိုးနည်းမှာသေချာပါတယ်။ လိုကိုမိုးတစ်ဟာ လေဗာကူဆင်နဲ့ ပထမဆုံးတွေ့နေပါတယ်။ လိုကိုမိုးတစ်ဟာမနှစ်ကလည်း ချန်ပီယံလိဂ်မှာ ဘွန်ဒစ်လီဂါက ရှော်လ်ကေးနဲ့တွေ့ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ အခုလည်း လေဗာကူဆင်ကို အနိုင်ရဖို့မလွယ်ပါဘူး။ လေဗာကူဆင်နဲ့ လိုကိုမိုးတစ်ဟာ အုပ်စုတတိယရဖို့ပဲ ကြိုးစားရမှာဖြစ်ပါတယ်။

လီဗာပူး ဦးဆောင်တဲ့ အုပ်စု (င)

အုပ်စု (င) မှာ လီဗာပူးနဲ့အတူ နာပိုလီ၊ ဆဲလ်ဘတ်၊ ဂျန့်တို့ အတူကျနေပါတယ်။ လီဗာပူးနဲ့ နာပိုလီဟာ မနှစ်ကလည်း အုပ်စုမှာအတူကျခဲ့ပြီး နာပိုလီကွင်းမှာ လီဗာပူးရှုံးပြီး လီဗာပူးကွင်းမှာ နာပိုလီရှုံးခဲ့ပါတယ်။ ဆဲလ်ဘတ်က သြစတြီးယားကလပ်သင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်အောင်ကြိုးပမ်းခဲ့တဲ့ နည်းပြမရှိတော့သလို ကစားသမားတချို့လည်း မရှိတော့ပါဘူး။ဘွန်ဒက်စ်လီဂါက လိုက်ပဇစ်အသင်းပိုင်ရှင် ပိုင်ဆိုင်တဲ့အသင်းဖြစ်လို့ လိုက်ပဇစ်အရန်သင်းက ကစားသမားတွေ စုဝေးနေတဲ့ ကလပ်သင်းလို့သတ်မှတ်ရမှာဖြစ်ပါတယ်။ ပွဲဦးထွက်မှာ နာပိုလီနဲ့ လီဗာပူးတွေ့နေပါတယ်။ မနှစ်က နာပိုလီကွင်းမှာ လီဗာပူးဟာ ပွဲပြီးခါနီးမှာ ဂိုးသွင်းခံခဲ့ရပါတယ်။ နာပိုလီဟာ ကစားသမားတော်တော်လေး ဖြည့်တင်းထားပါတယ်။ ပီအက်ဗွီက တိုက်စစ်မှူးလိုရန်ဇို၊ ရိုးမားက နောက်တန်းသမား မန်နိုလက်စ်၊တော့တင်ဟမ်က ထွက်လာတဲ့ လိုရန်တီတို့ကို ဖြည့်တင်းထားပါတယ်။ ဂိုးသွင်းအားက အရင်နှစ်တွေကထက် ပိုကောင်းတာတွေ့ရပါတယ်။ ဂျူဗင်တပ်ကို သုံးဂိုးအရှုံးကနေ သုံးဂိုးလိုက်သွင်းပြီး နောက်ဆုံးမိနစ်မှ ကူလီဘာလီကိုယ့်ဂိုးကိုယ်သွင်းလို့ ကံမကောင်းစွာ ရှုံးနိမ့်သွားခဲ့ပါတယ်။ လီဗာပူးဟာ နာပိုလီပွဲမှာ တော်တော်လေး ရုန်းကန်ကစားရနိုင်ပါတယ်။ အင်ဇီဂနီ၊ကယ်လီဂျွန်၊ မာတန်တို့ ဦးစားပေးကစားနေသလို အရန်အင်အား ကောင်းနေပါတယ်။ လီဗာပူးခက်ခဲမယ့်ပွဲဖြစ်လာပါလိမ့်မယ်။ ဆဲလ်ဘတ်က ဂျန့်နဲ့တွေ့နေပါတယ်။ ဂျန့်က ဘယ်လ်ဂျီယံ ကလပ် ဖြစ်ပါတယ်။ အတွေ့အကြုံအားနည်းတဲ့အသင်းပါ။ တိုက်စစ်ဦးစားပေးကစားတဲ့ ဆဲလ်ဘတ်ကို အဝေးကွင်းမှာ ဂျန့်ဟာ အနိုင်ကစားဖို့ မဖြစ်နိုင်ပါဘူး၊ ဒီအုပ်စုမှာ လီဗာပူးနဲ့ နာပိုလီ နောက်တစ်ဆင့်တက်မှာ သေချာပြီး ဆဲလ်ဘတ်ဟာ အုပ်စုတတိယ ရပါလိမ့်မယ်။

ဘာစီလိုနာ ဦးဆောင်တဲ့ အုပ်စု (စ)

အုပ်စု (စ) ကို ဘာစီလိုနာဦးဆောင်ပါတယ်။ ဘာစီလိုနာနဲ့အတူ ဒေါ့မွန်၊ အင်တာမီလန်နဲ့ ဆလားဗီးယားပရပ်ဂ်တို့ အတူကျနေပါတယ်။ အုပ်စုကျပ်တယ်လို့ သတ်မှတ်ပါတယ်။ ဘာစီလိုနာနဲ့အတူ နောက်တစ်ဆင့်တက်ဖို့ ဒေါ့မွန်နဲ့ အင်တာမီလန်တို့ အပြိုင်ကြိုးစားရပါတော့မယ်။ ဒေါ့မွန်ဟာ တောင့်တင်းနေပြီး ဆန်ချိုနဲ့ မာကိုရူးစ်၊ အယ်လ်ကာဆာ၊ အသစ်ဝယ်ထားတဲ့ ဘရန့်တို့ဟာ ဒေါ့မွန်တိုက်စစ်ကို ဦးဆောင် နေကြပါတယ်။ အင်တာမီလန်ကလည်း လူကာကူနဲ့ ဆန်းချက်ဇ်တို့ကိုခေါ်ထားသလို ဒီနွေရာသီမှာ ပေါင်သန်း ၁ဝဝ ကျော် သုံးထားတဲ့အသင်း ဖြစ်ပါတယ်။ ချက်ကလပ် ဆလားဗီးယားပရပ်ဂ်ကတော့ ဒီအုပ်စုမှာ အားအနည်းဆုံးအသင်း ဖြစ်ပါတယ်။ ပွဲဦးထွက်မှာ ဒေါ့မွန်နဲ့ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ဆလားဗီးယားတို့ တွေ့နေပါတယ်။ ဘာစီလိုနာဟာ ဒေါ့မွန်ကွင်းမှာ ရုန်းကန်ကစားရနိုင်ပါတယ်၊ လာလီဂါမှာ ဘာစီလိုနာဟာ အဝေးကွင်းကစားပုံ တော်တော်အားနည်းနေပါတယ်။ အသစ်ရောက်လာတဲ့ ဂရေ့ဇ်မန်းဟာ ယုံကြည်မှုရဖို့ တည်ဆောက်ရပါဦးမယ်။ ဘာစီလိုနာကွင်းလယ်ဟာ အရင်လိုတောင့်တင်းမှု မရှိပါဘူး။ အခုဒေါ့မွန် ကွင်းမှာ ဘာစီလိုနာ မလွယ်ပါဘူး။ နည်းပြကွန်တီဟာ ဆလားဗီးယားကို အိမ်ကွင်းမှာ ကစားရတဲ့အတွက် အားသာချက်ရထားပါတယ်။ အိမ်ကွင်းဖြစ်လို့ အင်တာမီလန်တိုက်စစ်ဖွင့်လာနိုင်ပါတယ်။ ဆလားဗီးယားကို သိပ်လျော့တွက်လို့မရပါဘူး။ မနှစ်က ယူရိုပါလိဂ်မှာ ဆီဗီလာ၊ ချယ်လ်ဆီးတို့ကို အခက်တွေ့အောင် ကစားနိုင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ အင်တာမီလန်ကွင်းမှာ ဆလားဗီးယား တစ်ဂိုးတော့ သွင်းနိုင်ပါလိမ့်မယ်။

ဇင်းနစ် ဦးဆောင်တဲ့ အုပ်စု ( ဆ )

အုပ်စု (ဆ) မှာ အသင်းကြီးတွေမပါဝင်ပါဘူး။ ဇင်းနစ်ဟာ ဦးစားပေးအဆင့်ထဲမှာပါခဲ့ပြီး ဇင်းနစ်နဲ့အတူ လိုင်ယွန်၊ ဘင်ဖီကာ၊ လိုက်ပဇစ်တို့ပါဝင်နေကြပါတယ်၊ ဦးစားပေးသတ်မှတ် ခံရတဲ့ ဇင်းနစ်နဲ့ အုပ်စုတွင်းပြိုင်ဘက်တွဟော သိပ်ပြီးမကွာကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဘင်ဖီကာဟာ ကစားသမားကောင်းတချို့ကိုရောင်းထားပါတယ်။ ပြင်သစ်ကလပ် လိုင်ယွန်ဟာ နည်းပြသစ်နဲ့ဖြစ်ပေမဲ့ ပြင်သစ်လိဂ်မှာ ကစားပုံကောင်းနေပါတယ်။ လိုက်ပဇစ်ကလည်း ဘွန်ဒက်စ်လီဂါမှာခြေစွမ်းပြ ကစားနေပါတယ်။ ပွဲဦးထွက်မှာ ဘင်ဖီကာနဲ့ လိုက်ပဇစ်၊ လိုင်ယွန်နဲ့ ဇင်းနစ်တွေ့နေပါတယ်။ ဘင်ဖီကာတိုက်စစ်မှာ ဆွစ်ဇာလန်တိုက်စစ်မှူးဆီဖာရိုဗစ်ရှိနေပေမဲ့လောလောဆယ်မှာ ကွင်းလယ်သမားတွေဖြစ်တဲ့ ပစ်ဇီနဲ့ လူးစစ်တို့ဂိုးတွေ သွင်းနေကြပါတယ်။ ဘွန်ဒက်စ်လီဂါက လိုက်ပဇစ်ကတော့ မနှစ်ကတည်ဆောက်ထားတဲ့ တိုင်မိုဝါနာ၊ ဆဘစ်ဆာ၊ပေါ်လ်ဆင်တို့နဲ့ အကောင်းဆုံးကစားနေပါတယ်။ လိုက်ပဇစ်ဟာ တိုက်စစ်ဦးစားပေးတဲ့အသင်းဖြစ်လို့ ဒီပွဲဟာ နှစ်ဖက်သွင်းဂိုးများနိုင်တဲ့ပွဲဖြစ်ပါတယ်။ နည်းပြသစ် ဆဲလ်ဗင်ဟိုရဲ့ လိုင်ယွန်ကလည်းတိုက်စစ်မှာ ဒက်ပေး၊ အော်ရာ၊ ဒမ်ဘီလီ၊ ထရာအိုယေးတို့နဲ့ တိုက်စစ်ကောင်းနေပါတယ်။ဇင်းနစ်က ရုရှားလိဂ်မှာ ထိပ်ဆုံးနေရာမှာရှိနေပါတယ်။ ခံစစ်ပိုင်းကောင်းပေမဲ့ တိုက်စစ်က အားနည်းပါတယ်။ ဒီအုပ်စုမှာ လိုင်ယွန်နဲ့ လိုက်ဇစ်တို့နောက်တစ်ဆင့်တက်သွားနိုင်တယ်။

ချယ်လ်ဆီး ဦးဆောင်တဲ့ အုပ်စု ( ဇ)

အုပ်စု (ဇ) မှာ ချယ်လ်ဆီး၊ အေဂျက်၊ ဗလင်စီယာနဲ့ လိုင်လီတို့အတူကျနေပါတယ်။ ချယ်လ်ဆီးဟာ အုပ်စုချောင်နေတာပါ။ ဒါပေမဲ့ ချယ်လ်ဆီးရဲ့ လက်ရှိအားနည်းနေတဲ့ခံစစ်က ချန်ပီယံလိဂ်မှာ အခက်တွေ့သွားစေနိုင်ပါတယ်။ ဗလင်စီယာ၊ အေဂျက်စ်တို့ဟာ အတွေ့အကြုံရင့်တဲ့အသင်းတွေဖြစ်ပါတယ်။ လမ်းပတ်ရဲ့ နည်းပြအတွေ့အကြုံအားနည်းချက်က အေဂျက်နဲ့ ဗလင်စီယာတို့ အခွင့်သာသွားနိုင်ပါတယ်။ အေဂျက်ဟာ မနှစ်က ဘိုင်ယန်၊ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့ကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။ အေဂျက်စ်ဟာ သတိထားရမယ့်အသင်းဖြစ်ပါတယ်။ဗလင်စီယာကလည်း မနှစ်က အားထားရတဲ့ ပါရီဂျို၊ ဂွီဒက်စ်၊ ဂါမဲရိုးတို့ပဲ ဦးဆောင်နေတဲ့ အသင်းဖြစ်ပါတယ်။ နည်းပြ မာဆယ်လင်ညိုလည်း ရှိနေပါတယ်။ လိုင်လီကတော့ မနှစ်က ခြေစွမ်းပြကစားတဲ့နီကိုလပ်ပီပီ၊ လီယာရို၊ သီယာဂိုမန်ဒက်စ်၊ ကိုနေးတို့ကို ရောင်းပစ်လိုက်လို့ မနှစ်ကလောက်မတောင့်တင်းတော့ပါဘူး။ ပွဲဦးထွက်မှာ ချယ်လ်ဆီးနဲ့ ဗလင်စီယာ၊ အေဂျက်နဲ့လိုင်လီတို့ တွေ့နေပါတယ်။ ချယ်လ်ဆီးဟာ အိမ်ကွင်းဖြစ်ပေမဲ့ ခက်ခက်ခဲခဲ ရုန်းကန်ကစားရမှာသေချာနေပါတယ်။အေဂျက်ကတော့ လိုင်လီကို ခြေအသာနဲ့ ကစားသွားပါလိမ့်မယ်။ချန်ပီယံလိဂ်ပွဲစဉ် အစတွေမှာ အားကောင်းတောင့်တင်းတဲ့ အသင်းကြီးတွေဟာ အကောင်းဆုံးကစားတတ်ကြပါတယ်။ ဒီနှစ်ချန်ပီယံလိဂ် ပွဲစဉ် (၁) မှာ (ဒေါ့မွန်−ဘာစီလိုနာ)၊ (နာပိုလီ−လီဗာပူး)၊(ပီအက်စ်ဂျီ−ရီးယဲလ်မက်ဒရစ်)၊ (အလက်တီကို−ဂျူဗင်တပ်)၊ (ဘင်ဖီကာ−လိုက်ဇစ်)၊ (လိုင်ယွန်−ဇင်းနစ် ) ပွဲတွေဟာ အကြိတ်အနယ်ဖြစ်လာမှာ သေချာနေပါရဲ့-။



ဖတ်ရှုမှုအများဆုံး