ဂျီနိုအာတို့ နိုင်ပွဲဆက်ဦးမယ်

ဂျီနိုအာတို့ နိုင်ပွဲဆက်ဦးမယ်

ဖီအိုရင်တီးနား − ဂျူဗင်တပ် (စနေ၊ ည ၇း၃ဝ)

နာပိုလီ၊ ဂျီနိုအာတို့နဲ့ တွေ့ဆုံပြီးနောက် အခုလည်း ဂျူဗင်တပ်နဲ့ ကစားရဦးမှာ ဖြစ်တာကြောင့် ဖီအိုရင်တီးနားတို့အတွက် အခက်အခဲတွေ့ကြုံဦးမှာပါ။ ဒါပေမဲ့ ဂျူဗင်တပ်က အခုပွဲပြီးရင် အလက်တီကိုနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်သွားကစားရမှာဖြစ်လို့ ဖီအိုရင်တီးနားအတွက် အနည်းငယ် သက်သာစေပါတယ်။ ဖီအိုရင်တီးနားတို့ အခုပွဲမှာ အမှတ်ရယူနိုင်မယ်ထင်တယ်။

နာပိုလီ − ဆမ်ဒိုးရီးယား (စနေ၊ ည ၁ဝး၃ဝ)

နာပိုလီတို့ အခုပွဲပြီးရင် လီဗာပူးနဲ့ ချန်ပီယံလိဂ် ကစားဖို့ရှိနေပါတယ်။ နှစ်ပွဲကစားပြီးချိန်မှာ နာပိုလီအနေနဲ့ ရဂိုး၊ ပေးဂိုးများနေတာတွေ့ရပါတယ်။ ဆမ်ဒိုးရီးယားကလည်း ဂိုးပြတ်တွေနဲ့ ရှုံးထားတဲ့အသင်းပါ။ အခုအဝေးကွင်းပွဲလည်း အခြေအနေ မကောင်းနိုင်ပါဘူး။ ချန်ပီယံလိဂ်ပွဲရှိနေပေမဲ့ နာပိုလီကိုပဲ အားပေးရမှာပါ။

အင်တာမီလန် − ယူဒီးနိစ်(တနင်္ဂနွေ၊ နံနက် ၁း၁၅)

လက်ရှိအချိန်မှာတော့ အင်တာက ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။ ရာသီအစ ကစားခဲ့ရတဲ့ နှစ်သင်းကလည်း ခြေကွာတဲ့အသင်းတွေဖြစ်နေလို့ပါ။ ယူဒီးနိစ်က အင်တာရဲ့ မြို့ခံပြိုင်ဘက် အေစီကို အနိုင်ကစားထားတဲ့အသင်းဆိုတာကိုတော့ သတိထားရမှာပါ။ ချန်ပီယံလိဂ်လည်း ကစားဖို့ရှိနေတာကြောင့် အခုတစ်ပွဲတော့ အင်တာကို လက်ရှောင်သင့်ပါတယ်။

ဂျီနိုအာ − အတ္တလန္တာ (တနင်္ဂနွေ၊ ညနေ ၅းဝဝ)

ဂျီနိုအာက ခြေရည်တူအသင်းတွေနဲ့ အသင်းကြီးတွေဆိုရင် အကောင်းဆုံးရလဒ်ထွက်အောင် ကစားတတ်တဲ့အသင်းပါ။ အခုကစားရမယ့် အတ္တလန္တာအသင်းက သူ့ထက် ခြေစွမ်းသာတဲ့ အသင်းဖြစ်နေတာကြောင့် အခုပွဲမှာလည်း ဂျီနိုအာတို့ရဲ့ အကောင်းဆုံးခြေစွမ်းကို တွေ့မြင်ရဦးမှာပါ။ အတ္တလန္တာကလည်း ချန်ပီယံလိဂ်ကစားဖို့ရှိနေတာကြောင့် ဂျီနိုအာကိုပဲ ရွေးသင့်ပါတယ်။

ဘရက်စီယာ − ဘိုလော့နာ(စနေ၊ ည ၇း၃ဝ)

ကက်ဂလီယာရီကိုနိုင်ပြီး အေစီမီလန်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့သာ ရှုံးနိမ့်ခဲ့တဲ့ ဘရက်စီယာကို လျှော့မတွက်သင့်ပါဘူး။ အခုအိမ်ကွင်းပွဲစဉ်ဆိုတော့ ဘရက်စီယာရဲ့ အိမ်ကွင်းခြေစွမ်းကို မြည်းစမ်းခွင့်ရမှာပါ။ ဘိုလော့နာကလည်း မာကျောတဲ့အသင်းတစ်သင်းဖြစ်နေတာကြောင့် ဒီပွဲက ကြည့်ကောင်းမှာပါ။ ဘာပဲဖြစ်ဖြစ် အိမ်ရှင်အားသာချက်ရှိနေတဲ့ ဘရက်စီယာကို ရွေးချယ်ချင်တယ်။

ပါးမား − ကက်ဂလီယာရီ (စနေ၊ ည ၇း၃ဝ)

ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုမှာတော့ အိမ်ရှင်အဖြစ်ကစားရတဲ့အသင်းက အနိုင်ရခဲ့ပါတယ်။ယခုနှစ်ရာသီ အခြေအနေတွေကို ယှဉ်ကြည့်ရင်လည်း ပါးမားက အသာရနေတဲ့အနေအထားပါ။ ကက်ဂလီယာရီက ကစားပြီးတဲ့ နှစ်ပွဲစလုံးကို ရှုံးထားပါတယ်။ ဒါကြောင့် ဂျူဗင်တပ်လိုအသင်းကို တစ်ဂိုးနဲ့ ကပ်ရှုံးခဲ့ပြီး ယူဒီးနိစ်ကို ၃−၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပါးမားရဲ့ ခြေစွမ်းကို ယုံကြည်ရမှာပါ။

SPAL− လာဇီယို (စနေ၊ ည ၇း၃ဝ)

SPAL က အခုချိန်ထိ တစ်မှတ်မှ မရသေးပါဘူး။ နှစ်ပွဲကစား နှစ်ပွဲစလုံးရှုံးထားပါတယ်။ လာဇီယိုက နှစ်ပွဲကစား လေးမှတ်ရထားပါတယ်။ မြို့ခံပြိုင်ဘက် ရိုးမားနဲ့ သရေကျတဲ့ပွဲမှာကစားသွားတဲ့လာဇီယိုရဲ့ခြေစွမ်းက ယုံကြည်ရတဲ့အနေအထေားမှာ ရှိပါတယ်။ အခုပွဲမှာ SPALအတွက် အားသာချက်က အိမ်ကွင်းဆိုတဲ့အချက်ပဲ ရှိပါတယ်။ ကျန်တဲ့အပိုင်းမှာ လာဇီယိုကို ယှဉ်ဖို့ခက်ပါတယ်။ လာဇီယိုပါပဲ။

ရိုးမား − ဆက်စူလို (တနင်္ဂနွေ၊ ည ၁ဝး၃ဝ)

နှစ်ပွဲကစားပြီးတဲ့အချိန်မှာ ရိုးမားတို့ နှစ်မှတ်သာရထားပေမဲ့ ခြေစွမ်းက ထိပ်တန်းပါပဲ။ သရေကျခဲ့တဲ့နှစ်သင်းကလည်း မာကျောတဲ့အသင်းတွေ ဖြစ်နေလို့ပါ။ ဆက်စူလိုကလည်း အများကြီး လျှော့တွက်လို့ရတဲ့အသင်းတွေ စာရင်းမှာတော့ မပါပါဘူး။ အဝေးကွင်းတော့ ညံ့ပါတယ်။ လက်ရှိအခြေအနေတွေအရ အိမ်ရှင်ဖြစ်တဲ့ ရိုးမားကိုပဲ ရွေးချယ်သင့်ပါတယ်။

ဗီရိုနာ − အေစီမီလန် (တနင်္လာ၊ နံနက် ၁း၁၅)

ဗီရိုနာက နှစ်ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိသေးပါဘူး။ တစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ လေးမှတ်ရထားပါတယ်။ အေစီကတော့ ရာသီအဖွင့်ပွဲမှာ ယူဒီးနိစ်ကို ရှုံးထားပါတယ်။ နောက်ပြီး ခြေစွမ်းကလည်း မတည်ငြိမ်ပါဘူး။ အခုဗီရိုနာကွင်းမှာ အေစီတို့ ခက်ခဲဦးမှာပါ။ အိမ်ကွင်းဆိုတဲ့အားသာချက်နဲ့ ဗီရိုနာတို့ အမှတ်ရအောင် ယူသွားဦးမှာပါ။

တိုရီနို − လက်ချီ (အင်္ဂါ၊ နံနက် ၁း၁၅)

တိုရီနိုတို့ ဥရောပပွဲအတွက် မပူရတော့တဲ့အတွက် စီးရီးအေဘက်ကို ပိုပြီးအားထည့် နိုင်တော့မှာပါ။ ခြေစွမ်းကလည်း အသင့်အတင့်ရှိပါတယ်။ လက်ချီအသင်းကတော့ အားနည်းနေဆဲပါပဲ။ အခုအဝေးကွင်းပွဲစဉ်လည်း ဖြစ်နေတာကြောင့် အားကိုးလို့ မဖြစ်နိုင်သေးပါဘူး။ အိမ်ရှင်တိုရီနိုကိုပဲ ရွေးချယ်သင့်ပါတယ်။



ဖတ်ရှုမှုအများဆုံး