လှိုင်သာယာမြို့နယ်၌ လမ်းပေါ်တွင် အဝတ်အစားမပါဘဲ ဒဏ်ရာများဖြင့် လဲကျနေသည့် အမျိုးသမီး တွေ့ရှိမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စက်တင်ဘာ ၁၃ ရက် (ယနေ့)တွင် အမှုဖွင့် စုံစမ်းလျက်ရှိသည်။
ယနေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် အမှတ် ၈ ရပ်ကွက် ထီးလှိုင်ရှင်ပတ် လမ်းပေါ်၌ အမျိုးသမီးတစ်ဦး အဝတ်အစားများမပါဘဲ ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ လှည့်ကင်းတာဝန်ကျ ရဲတပ်ကြပ်မျိုးမြင့်ကိုနှင့်အဖွဲ့က ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အဝတ်အစားမပါဘဲ ခန္ဓာကိုယ် ပေါက်ပြဲ ဖူးယောင်ဒဏ်ရာ ၊ ဦးခေါင်းနှင့် နှုတ်ခမ်းတွင် ပေါက်ပြဲဒဏ်ရာများရှိကာ မိန်းမကိုယ်နှင့် စအိုဝတွင် သွေးများထွက်လျက် လဲကျနေသည်ကို တွေ့ရှိခဲ့သည်။
အမျိုးသမီးမှာ သတိရသော်လည်း တစ်စုံတစ်ရာ မေးမြန်း၍ မရသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူရန် တင်ပို့ထားပြီး လတ်တလော ဆေးစစ်ချက် စောင့်ဆိုင်းနေကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးတွေ့ရှိသည့် နေရာအနီးမှ ၎င်းဝတ်စဉ်ခဲ့သည့် အဝတ်အစားများဟု ထင်ရသည့် အကျီ ၂ ထည် နှင့်ထဘီတစ်ထည်တို့ကို သိမ်းဆည်းခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းက (ပ)၅၃၁၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ အရ အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေးစုံစမ်း စစ်ဆေးလျက်ရှိသည်။
















