အစာစားချိန်နောက်ကျလို့အောင့်တယ်၊ အစားများလို့အောင့်တယ်၊ လေထိုးလေအောင့်တယ်၊ အစာမကြေလို့ အောင့်တယ်၊ အစာအိမ်နာလို့အောင့်တယ် ဗိုက်အောင့်တဲ့အကြောင်းရင်းကစုံလို့ပါပဲ။ ဗိုက်အောင့်ဗိုက်နာတဲ့အချိန် ဆေးခန်းသွားစရာမလိုဘဲအိမ်မှာတင်သက်သာစေမယ့် နည်းလမ်းလေးတွေ ရှိတယ်နော်။
(၁) ဒိန်ချဉ်
ဗိုက်အောင့်နေတဲ့အချိန်မှာအစာခြေစနစ်ကိုသက်တောင့်သက်သာဖြစ်စေပြီးကိုယ်ခံအားစနစ်ကိုပါ ကောင်းစေမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ ဒိန်ချဉ်ထဲမှာပါပါတယ်။ ဒါပေမယ့် အဆီများတဲ့ဒိန်ချဉ်တွေ၊ အရသာတွေထပ်ပေါင်းဖြည့်စွက်ထားတဲ့ဒိန်ချဉ်တွေ မဟုတ်ရင်တော့ပိုကောင်းပါလိမ့်မယ်။
(၂) ချင်း
ဟိုးအရင်တည်းကချင်းဟာစွယ်စုံရအိမ်သုံးဆေးဝါး ဖြစ်ခဲ့ပါတယ်။ နာကျင်တာကအစပျို့အန်မအီမသာဖြစ်တာတွေအထိချင်းကိုအသုံးပြုနိုင်ပါတယ်။ ချင်းဟာရောင်ရမ်းတာတွေကိုသက်သာစေတဲ့သတ္တိရှိတဲ့အပြင် အစာကြေစေတယ်၊ ဗိုက်အောင့်တာကိုလည်းသက်သာစေပါတယ်။ တချို့တွေကချင်းနဲ့ပြုလုပ်ထားတဲ့သကြားလုံးလေးတွေ၊ ဖြည့်စွက်စာလေးတွေကိုစားလေ့ရှိကြသလိုချင်းပြုတ်ရည်သောက်တာဒါမှမဟုတ် ရေနွေးကြမ်းနှပ်ပြီးသောက်တာမျိုးလည်းရပါတယ်။ အများကြီးတော့မသုံးနဲ့ပေါ့။
(၃) ရေနွေးအိတ်
လေထိုးလေအောင့်တာ၊အစာမကြေတာလိုမျိုးဗိုက်အောင့်ဝေဒနာတွေမှာအရမ်းမပူတဲ့ ရေနွေးအိတ်လေးကပ်ပေးတာက မြန်မြန်သက်သာစေနိုင်ပါတယ်။ ရေနွေးစပ်ပြီးရေချိုးတာလည်းရပါတယ်။ ရေနွေးအိတ်ကပ်ရင်တော့ မိနစ် ၂၀ လောက်နေရာလေးရွှေ့ပြီးကပ်ပေးလို့ရပါတယ်။
(၄) သင်္ဘောသီး
သင်္ဘောသီးမှာအစားအစာထဲကပရိုတင်းတွေကိုချေဖျက်ပေးပြီးအစာကြေလွယ်၊စုပ်ယူလွယ်နိုင်အောင် ကူညီပေးတဲ့ papain အင်ဇိုင်းပါဝင်ပါတယ်။
(၅) ပူစီနံ
ပူစီနံမှာmentholဓာတ်ပါဝင်ပြီးအဆိုပါ menthol ဟာခံတွင်းအနံ့ကောင်းစေရုံသာမကသဘာဝအကိုက်အခဲပျောက်ဆေးတမျိုးလည်း ဖြစ်လို့ ပူစီနံကိုပျို့အန်ခြင်းနဲ့ဗိုက်အောင့်ခြင်းတို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။ ချင်းလိုပဲပူစီနံကိုလည်းအရွက်ခပ်ထားတဲ့ရေနွေးကြမ်းပူပူလေးလုပ်သောက်လို့ရသလိုထမင်းစားရင် အတို့အမြှုပ်အဖြစ်နဲ့ စားလို့ရပါသေးတယ်။
(၆) သံပုရာရေနွေးကြမ်း
ရေနွေးထည့်ထားတဲ့မက်ခွက်ထဲကိုသံပုရာသီးတစ်ခြမ်းညှစ်ထည့်ပါ (သကြားနည်းနည်းလည်းထည့်ပါ)။ ဒါဆိုရင် ဗိုက်အောင့်ခြင်းကိုသက်သာပျောက်ကင်းစေမယ့် အကောင်းဆုံးသောဖျော်ရည်တစ်ခွက်ကိုရရှိပါပြီ။ သတိထားရမယ့်အချက်ကသံပုရာသီးဒါမှမဟုတ် သကြားအလွန်အကျွံမထည့်မိဖို့ပါပဲ။

















