ဘာစီလိုနာအသင်းနည်းပြ ဗယ်ဘာဒီက အဓိကတိုက်စစ်မှူး မက်ဆီမှာ ဒေါ့မွန်အသင်း နှင့်ကစားရမည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ပါဝင်ကစားနိုင်ရန် ကြံ့ခိုင်မှုပြည့်ဝရန် မလွယ် ကူကြောင်း အသိပေးပြောဆိုခဲ့သည်။
တိုက်စစ်မှူး မက်ဆီသည် ယခုနှစ်ဘောလုံးရာသီ အစတွင် ဒဏ်ရာရရှိနေ၍ အသင်းကစားခဲ့ သောပွဲများတွင် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပေ။ မက်ဆီသည် ဒဏ်ရာအရှင်းပျောက်ကင်းရန် အချိန်ယူနေရပြီး ဘာစီလိုနာအသင်းက မက်ဆီ အား အရဲစွန့်အသုံးပြုရန် အစီအစဉ်မရှိပေ။ ဒဏ်ရာကြောင့် အနားယူနေရသော မက်ဆီ သည် အာဂျင်တီးနားအသင်း၏ခြေစမ်းပွဲကိုလည်း လွဲချော်ခဲ့သူဖြစ်သည်။
ဘာစီလိုနာနည်းပြ ဗယ်ဘာဒီက ၎င်းမှာ ဆရာဝန်တစ်ဦးမဟုတ်၍ မက်ဆီ၏ဒဏ်ရာ အခြေအနေကို အသေးစိတ်မသိကြောင်း၊ မက်ဆီအနေဖြင့် အင်္ဂါနေ့ကစားရမည့် ချန်ပီယံ လိဂ်ပွဲတွင် ပါဝင်ကစားနိုင်ရန်အတွက်လည်း သေချာမသိကြောင်း၊ မက်ဆီမှာ ဒေါ့မွန်နှင့်ပွဲ ပါဝင်နိုင်ရန် ရာနှုန်းပြည့် ကြံ့ခိုင်မှုရှိနေရေး မလွယ်ကူကြောင်း ပြောဆိုခဲ့သည်။ တိုက်စစ်မှူး မက်ဆီသည် လက်ရှိအချိန်တွင် ကိုယ်ပိုင် အစီအစဉ်ဖြင့် လေ့ကျင့်ခန်းဆင်းနေရသည်။
မက်ဆီက "လက်ရှိအချိန်မှာတော့ ကိုယ့်အစီ အစဉ်နဲ့ကိုယ် လေ့ကျင့်ခန်းလုပ်နေပါတယ်။ ကျွန်တော် ဘယ်နေ့ပြန်ကစားနိုင်မလဲဆိုတာ မသိသေးပါဘူး။ ဒေါ့မွန် ဒါမှမဟုတ် ဂရန်နာဒါ နဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားနိုင်မလားဆိုတာ အခြေအနေစောင့်ကြည့်ရဦးမှာပါ"ဟု အင်တာ ဗျူးတစ်ခုတွင် ပြောဆိုထားသည်။
မက်ဆီသည် ယမန်နှစ်ဘောလုံးရာသီက ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစား ခဲ့ပြီး ၅၁ ဂိုးသွင်းယူနိုင်ခဲ့၍ ဥရောပဂိုးသွင်း အများဆုံးရွှေဖိနပ်ဆုထပ်မံရရှိခဲ့သည်။ မက်ဆီ သည် ဒေါ့မွန်ပွဲတွင် ပါဝင်ရန်မသေချာသော် လည်း စက်တင်ဘာ ၂၁ ရက်ကစားရမည့် ဂရန်နာဒါနှင့်ပွဲတွင် ပြန်လည်ပါဝင်ကစားနိုင် ဖွယ်ရှိနေသည်။ ဘာစီလိုနာအခြားတိုက်စစ်မှူး တစ်ဦးဖြစ်သည့် ဆွာရက်ဇ်မှာ ခြေသလုံး ကြွက်သားဒဏ်ရာရနေပြီး ဒဏ်ရာပြန်ကောင်း လာတော့မည်ဖြစ်သည်။















