ရေးမြို့တွင် တရားရုံးအာမခံဖြင့် အချုပ်လွတ်ထုချေခွင့်ရရှိထားသူက ဓားဖြင့်ခုတ်သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိမှု စက်တင်ဘာ ၁၅ ရက်တွင် ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၅ နာရီခန့်တွင် ရေးမြို့ ကျောင်းရွာကျေးရွာအုပ်စုနေ ဦးစိုးလှိုင်သည် နေအိမ်၌ ရှိနေစဉ် အသက် ၉၅ နှစ်အရွယ် ဖခင်ဖြစ်သူ ဦးတယ်(ခ)ဦးဒိုင်းမှာ နေအိမ်နှင့် သုံးဖာလုံခန့်တွင် ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တစ်ရွာတည်းနေ ဦးစိုးနိုင်က အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
ဖခင်ဖြစ်သူ ဦးတယ်၏လည်ဂုတ်၌ ခြောက်လက်မခန့်ပြတ်ရှဓားဒဏ်ရာဖြင့် ပက်လက်သေဆုံးနေသည်ကိို ဦးစိုးလှိုင်ကတွေရှိခဲ့သည်။
၎င်းက စုံစမ်းမေးမြန်းခဲ့ရာ နံနက် ၄ နာရီခွဲခန့်တွင် ကျောက်မိချောင်းကျေးရွာနေ အောင်တင်ဝင်း(ခ)လိပ်ပု (၄၆ နှစ်)က ဦးစိုးလှိုင်၏ အစ်ကိုဖြစ်သူ ဦးရိုး၏နေအိမ်ရှေ့တွင် အော်ဟစ်ဆဲဆိုကာ နေအိမ်ထဲမှ ထွက်လာရန် ပြောဆိုနေစဉ် လက်ဖက်ရည်သောက် ထွက်လာသည့် ဖခင်ဖြစ်သူ ဦးတယ်(ခ) ဦးဒိုင်းရောက်လာပြီး ဖျန်ဖြေရာမှ အောင်တင်ဝင်း(ခ) လိပ်ပုက ဖခင်ကို ဓားဖြင့် ခုတ်သတ်ကာ ရေးမြို့ဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြောင်း တူဖြစ်သူ စိုးအောင်၏ မြင်တွေ့ပြောပြချက်အရ သိရှိခဲ့သည်။
ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်ပြေးသူ အောင်တင်ဝင်း(ခ)လိပ်ပုနောက်သို့လိုက်ရာ ဒေါ်မွန်လက်ဘက်ရည်ဆိုင်အရှေ့အရောက်တွင် အောင်တင်ဝင်း (ခ) လိပ်ပုက တစ်ရွာတည်းနေ အီကြာကွေးရောင်းသူ ဦးမောင်ပဲ(၇၀ နှစ်)ကို ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း တွေ့ရှိခဲ့သည်။
ဦးမောင်ပဲတွင် ယာဘက်ချိုစောင်းပြတ်ရှ၊ ယာဘက်မေးရိုးပြတ်ရှ၊ ယာနားအောက်ပြတ်ရှ၊ ဒဏ်ရာများရရှိခဲ့သည်။
ဖခင်ဖြစ်သူကိုသေဆုံးအောင်ပြုလုပ်ပြီး ဦးမောင်ပဲကို ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့သည့် အောင်တင်ဝင်း(ခ)လိပ်ပုကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ရေးမြို့မရဲစခန်းက(ပ)၂၇၄၁/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့်ပြီး စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီခွဲအချိန်တွင် ရေးမြို့ ပုပ္ပဝတီကျေးရွာ၌ အောင်တင်ဝင်း(ခ)လိပ်ပုကို ဖမ်းဆီးရမိခဲ့သည်။
အမှုဖြင့် ဖမ်းဆီးထားသူ အောင်တင်ဝင်း(ခ) လိပ်ပုသည် စက်တင်ဘာ ၉ ရက်တွင် ရေးမြို့ ရဲစခန်းက (ပ)၂၇၃၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃ဖြင့် အမှုဖွင့်အရေးယူပြီး မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ကာ ရာဇဝတ်ကြီးအမှုအမှတ် ၂၈၉၅/၁၉ဖြင့် တရားရုံးက အာမခံပေးထားသူဖြစ်သည်။
အောင်တင်ဝင်း(ခ) လိပ်ပုအာမခံရထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃သည် ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်ချိန်တွင် ဟန့်တားရန် အပြင်းအထန်နာကျင်စေမှုဖြစ်သည်။

















