မိန်းမလျာနှစ်ဦးက အိပ်ဆေးခတ်ပြီး ဆိုင်ကယ်လုယက်သဖြင့် တစ်ဦးသေဆုံး

မိန်းမလျာနှစ်ဦးက အိပ်ဆေးခတ်ပြီး ဆိုင်ကယ်လုယက်သဖြင့် တစ်ဦးသေဆုံး

ဟင်္သာတမြို့နယ်တွင် မိန်းမလျာနှစ်ဦးက အမျိုးသားနှစ်ဦးကို အိပ်ဆေးခတ်ပြီး ဆိုင်ကယ်လုယက်သဖြင့် တစ်ဦးသေဆုံးခဲ့မှုမှ တိမ်းရှောင်နေသူ မိန်းမလျာနှစ်ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၄ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဟင်္သာတမြို့၊ ကံလှကျေးရွာအနီး၊ ဟင်္သာတ - ရန်ကုန် ကားလမ်းဘေးရေမြောင်းအတွင်း လူသေအလောင်းတွေ့ရှိကြောင်း သတင်းရသဖြင့် ဟင်္သာတမြို့မရဲစခန်းမှူး ဒုရဲမှူး မင်းအောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါရေမြောင်းအတွင်း သေဆုံးကာပုပ်ပွပြာနှမ်းနေသည့် အမျိုးသားအလောင်းကို တွေ့ရှိရ၍သက်ဆိုင်ရာက စုံစမ်းရာ သေဆုံးသူမှာ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်နေ မောင်စိုးမြတ်အောင်ဖြစ်ကြောင်း သိရှိသဖြင့်သေမှုသေခင်းရေးဖွင့် စစ်ဆေးခဲ့သည်။

အမှုဖြင့် မသင်္ကာသူ စိုးသီဟကျော်(ခ) ရန်ကျားကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့ရာ စက်တင်ဘာ ၈ ရက် ည ၁၀ နာရီတွင် သေဆုံးသူသည် ရန်ကုန်မှ ရောက်ရှိနေသည့် မိန်းမလျာနှစ်ဦးနှင့်အတူ ဟင်္သာတ-ရန်ကုန်ကားလမ်းဘေးရှိ ရွှေမိုးသွပ်ပြားစက်ရုံအနီး ကုန်းပေါက်တွင်ဘီယာအတူသောက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထိုသို့ ဘီယာအတူသောက်ခဲ့ကြပြီး အိပ်ပျော်သွားခဲ့ရာ နံနက်(၆)နာရီခန့်တွင် အိပ်ယာမှ နိုးချိန်၌ မိန်းမလျာနှစ် ဦးနှင့် စိုးမြတ်အောင်တို့အား မတွေ့ရှိတော့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှုဖြင့်မသင်္ကာသူ မိန်းမလျာနှစ်ဦးနှင့် ပတ်သက်၍ စုံစမ်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင် တိုင်မြို့နယ်၊ ဆင်မလိုက်ရပ်ကွက်၊ သစ်တော(၃)လမ်းနေ ထွန်းထွန်းဝင်း(ခ) မေလေးနှင့် ရန်နောင်ဖြိုး (ခ)ချစ်ချစ်တို့ဖြစ်ကြောင်း သက်ဆိုင်ရာက သိရှိခဲ့သည်။

၄င်းတို့ နှစ်ဦးသည် မအူပင်မြို့နယ်အတွင်း အိပ်ဆေးများအသုံးပြုကာ အမျိုးသားများထံမှ ဆိုင်ကယ်နှင့်ပစ္စည်းများလုယူတတ်ကြောင်းစုံစမ်းသိရသဖြင့် မအူပင်မြို့နယ် ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ အမှုကို ဖော်ထုတ်ခဲ့သည်။

အမှုဖြင့် မသင်္ကာသူ နှစ်ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၄ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။၎င်းတို့ နှစ်ဦးကို စစ်ဆေးချက်အရ စက်တင်ဘာ ၈ ရက်တွင် ဟင်္သာတသို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့သောခုနစ်လပိုင်းက ဟင်္သာတမြို့သို့လာရောက်စဉ် သိကျွမ်းခဲ့ဖူးသူ စိုးသီဟကျော်(ခ)ရန်ကျားပေါက်၊ စိုးမြတ်အောင်တို့နှစ်ဦးနှင့်တွေ့ဆုံရန် ချိန်းဆိုခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

ရန်ကျားပေါက်က ဘီယာတိုက်ပါ ဟုပြော၍ ၎င်းတို့ကတိုက်မည်ဟုပြောကာ ချိန်းဆိုခဲ့ပြီး ဘီယာဘူး ငါးဘူးကို ဝယ်ယူကာ ဘီယာဘူးသုံးဘူးအတွင်းသို့ အိပ်ဆေးများထည့်ခဲ့ကြောင်း၊ အိပ်ဆေးမပါသည့် နှစ်ဘူးကို ၄င်းတို့ သောက်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာ အနီးတွင် ဘီယာထိုင်သောက်ခဲ့ပြီး အိပ်ဆေးပါသည့် ဘီယာသုံးဘူးကို စိုးသီဟကျော် (ခ) ရန်ကျားပေါက်နှင့် စိုးမြတ်အောင်တို့ သောက်ခဲ့ကြောင်း၊ ၄င်းတို့ အိပ်ပျော်သွားပြီးနောက် ဆိုင်ကယ်ကိုယူဆောင်ထွက်ပြေးရန် ကြိုးစားစဉ် စိုးမြတ်အောင်က အိပ်နေရာမှနိုးလာသဖြင့် ထွန်းထွန်းဝင်း(ခ) မေလေးက ရင်ဘက်ကိုဆောင့် တွန်းလိုက်ရာ စိုးမြတ်အောင်မှာ ရေမြောင်းထဲသို့ပြုတ်ကျသွားခဲ့ကြောင်း၊ ဆိုင်ကယ်ကို ရန်ကုန်သို့မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဟင်္သာတမြို့မရဲစခန်းက မူလဖွင့်လှစ်ထားသည့် သေမှုသေခင်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၂/၃၂၈/ ၁၁၄ သို့ ပြောင်းလဲ အမှုဖွင့်ကာ ၎င်းတို့နှစ်ဦးကို အရေးယူထားသည်။