ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်ဘောကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာနေ အစိုးရနည်း ပညာကောလိပ်(မိုးညှင်း)မှ ကျောင်းဆရာမဖြစ်သူကို နေအိမ်တွင် ဓားဖြင့်ထိုးသတ်ကာ ထွက်ပြေး တိမ်းရှောင်နေသူအား ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက်၌ မြစ်ကြီးနားမြို့တွင် ဖမ်းဆီးရမိခဲ့သည်။
အစိုးရနည်းပညာကောလိပ်(မိုးညှင်း)မှခွင့်ရက်ဖြင့် ပြန်လာသည့် အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမသည် ရေတွင်းကုန်းကျေးရွာရှိ နေအိမ်အိပ်ခန်းအတွင်း ဝဲဘက်ပါးပြတ်ရှ၊ လည်ပင်းပြတ်ရှ၊ဝဲဘက်ပခုံး ပေါက်ပြဲ ဝဲဘက်လက်မောင်း ပေါက်ပြဲ၊ ဝမ်းဗိုက်ချက်တိုင်ဘေးထိုးသွင်း ၊ ယာနံဘေးထိုးသွင်းဒဏ်ရာ များရရှိသေဆုံးနေသည်ကို ၎င်း၏မိဘများက မတ် ၁၇ ရက် ညနေ ၄ နာရီခန့်တွင် တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အခင်းမဖြစ်မီ မွန်းလွဲ ၁ နာရီခန့်တွင် သမီးဖြစ်သူသည် နေအိမ်မီးဖိုချောင်၌ အမည်မသိလူငယ်တစ်ဦးနှင့် ဖုန်းသုံးနေကြောင်း ၎င်း၏ မိဘများက တွေ့ရှိခဲ့သည်။ထို့ကြောင့် သမီးဖြစ်သူအားမေးမြန်းရာ အဆိုပါ လူငယ်မှာဟိုပင်မြို့ မြဇေယျာရပ်ကွက်နေသူဖြစ်ပြီး ရထားပေါ်၌ သိကျွမ်းခဲ့ကြကြောင်းပြောပြသိရှိခဲ့ပြီးနောက် မိဘများကအပြင်သို့ သွားရောက်ခဲ့သည်။
မိဘများနေအိမ်သို့ ပြန်ရောက်လာစဉ် သမီးဖြစ်သူ သေဆုံးနေပြီး အနီး၌ သွေးစွန်းလျက်(၂၀)လက်မခန့် ဝါးရိုးတပ် ဓားမတစ်ချောင်း၊ သွေးစွန်းနေသည့် (၁၀)လက်မခန့် သစ်သားရိုးတပ် ဓားတစ်ချောင်း တို့ကိုတွေ့ရှိခဲ့သည်။
၎င်းတို့ အပြင်သို့ မသွားရောက်မီက သမီးဖြစ်သူနှင့် အတူ တွေ့ရှိခဲ့သည့် လူငယ်မှာလည်း ပျောက်နေသောကြောင့် ပြစ်မှုကျူးလွန်သူကို အရေးယူပေးရန် မိုးကောင်းမြို့နယ် ပင်ဘောနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့သည်။
ပင်ဘောနယ်မြေရဲစခန်းက (ပ)၅/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းခဲ့သည်။ အခင်းဖြစ်ပြီးနောက် သေဆုံးသူနှင့်အတူ နေအိမ်တွင်ရှိနေသူအမျိုးသားမှာ ကျွန်းလှမြို့ ၊လေးမူ ကျေးရွာနေ ကျော်ဇင်ထိုက်(၃၁ နှစ်)ဖြစ်ကြောင်း သက်ဆိုင်ရာက သိရှိခဲ့သည်။
၎င်းကို စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့က စုံစမ်းနေစဉ် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မြစ်ကြီးနားမြို့ အောင်နန်း ရပ်ကွက်ရှိတည်းခိုခန်း၌ တည်းခိုနေကြောင်း သတင်းရရှိခဲ့သည်။
အဆိုပါ သတင်းအရ မြစ်ကြီးနားခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်စည်သူလင်းနှင့် တာဝန်ရှိသူများက သွားရောက်ဖမ်းဆီးစဉ် ၎င်းကိုတည်းခိုခန်း၌ မတွေ့ရသဖြင့် အနီးပတ်ဝန်းကျင်အား စုံစမ်းရာမှ ထမင်းဆိုင်တစ်ခု ၌ထမင်းစားနေသည့် ပြစ်မှုကျူးလွန်သူ ကျော်ဇင်ထိုက်ကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှု ကျူးလွန်ရသည့် အကြောင်းရင်းကို သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

















