ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီး အသင်းသည် စက်တင်ဘာ ၁၄ ရက်က ပရီး မီးယားလိဂ်ပွဲစဉ် ၅ အဖြစ် နောဝှစ်ချ်ကွင်းတွင် သွားရောက်ကစားခဲ့ရာ သုံးဂိုးနှစ်ဂိုးဖြင့် အံ့အား သင့်ဖွယ်ရှုံးနိမ့်ခဲ့ရသည်။ နောဝှစ်ချ်အသင်း တွင် ကစားသမား ၁၁ ဦးအထိ ဒဏ်ရာပြဿနာ ရှိနေခဲ့ပြီး မန်စီးတီးအသင်းအား မခံချင်စိတ် ဖြင့် ရင်ဆိုင်ခဲ့သည်။
မန်စီးတီးနည်းပြ ဂွာဒီယို လာသည် တိုက်စစ်တွင် အဂူရိုကိုအထောင် ထားခဲ့ပြီး ကွင်းလယ်၌ စတာလင်း၊ ဘာနာဒို ဆေးလ်ဗား၊ ဒေးဗစ်ဆေးလ်ဗား၊ ရိုဒရီနှင့် ဂန် ဒိုဂန်တို့ကို အသုံးပြုခဲ့သည်။ နောဝှစ်ချ်သည် ၁၈ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး မက်လီယန် က သွင်းယူခဲ့သည်။ နောဝှစ်ချ်သည် ၂၈ မိနစ် ၌ ဒုတိယဂိုးရခဲ့ပြီး ကန့်ဝဲလ်က သွင်းယူခဲ့၍ နှစ်ဂိုးဂိုးမရှိ ဦးဆောင်နိုင်ခဲ့သည်။
မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် ပထမ ပိုင်းပြီးလုချိန်တွင် ချေပဂိုးတစ်ဂိုးပြန်သွင်းပေး ခဲ့သည်။ နောဝှစ်ချ်အတွက် တတိယဂိုးကိုတိုက် စစ်မှူးပတ်ကီက သွင်းယူခဲ့သည်။ မန်စီးတီး အတွက် ဒုတိယချေပဂိုးကို ရိုဒရီက ၈၈ မိနစ် တွင် သွင်းယူနိုင်ခဲ့သည်။ မန်စီးတီးသည် တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု ၂၅ ကြိမ်ရှိခဲ့သော်လည်း အဆုံးသတ်အားနည်းခဲ့ သည်။ မန်စီးတီးသည် ၂၀၁၅ ခု မတ်လက ဘန်လေအား ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယား လိဂ်တန်းတက်အသင်းကို ပထမဆုံးအကြိမ် အရှုံးပေးခဲ့ရသည်။
နည်းပြဂွာဒီယိုလာက "ဘောလုံးမှာ တစ်ခါ တလေဒီလိုမျိုးဖြစ်တတ်တယ်။ ကျွန်တော်တို့ ဂိုးအခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ ဘူး။ နောဝှစ်ချ်အတွက် ဂုဏ်ယူပါတယ်။ ပထမဂိုးက ထောင့်ကန်ဘောကနေ ဂိုးပေးခဲ့ရ တယ်။ ဒုတိယဂိုးက တန်ပြန်တိုက်စစ်ကနေ ပေးခဲ့ရတယ်။ တတိယဂိုးက အမှားလုပ်လို့ပေး ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်အသင်း ဘာလုပ် နိုင်လဲဆိုတာကို သိပါတယ်။ ကစားသမားတွေ ကိုလည်းချစ်ပါတယ်။ ဥရောပပွဲကစားရမယ်။ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်"ဟု ဆိုခဲ့သည်။
မန်စီးတီးသည် စက်တင်ဘာ ၁၉ ရက်တွင် ချန်ပီယံလိဂ် ရှက်တာဒိုးနက်နှင့် ကစားရမည်ဖြစ်သည်။















