အာဏာရှင်စနစ်ပြန်လည် မထွန်းကား ရေးအပါအဝင် ဒီမိုကရေစီစနစ်ဆက်လက် ရှင်သန်ရေးတို့အတွက် နိုင်ငံသားအားလုံးက ငေးငိုင်မနေကြရန်နှင့် အလစ်အငိုက်မမိရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်က စက်တင်ဘာ ၁၅ ရက်ကပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်း အနား၌ ပြောကြားခဲ့သည်။
စုပေါင်းအင်အား
ယင်းအခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင်ပြုလုပ်ခဲ့ရာ နိုင်ငံ တော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ သံတမန်များ တက်ရောက်ခဲ့ကြသည်။
"ဒီမိုကရေစီပန်းတိုင်ရောက်ရှိရေး၊ ဒီမို ကရေစီပြည်ထောင်စုနိုင်ငံ တော်တည်ဆောက် ရေး၊ အာဏာရှင်ဆန်ပြီး ပြည်သူလူထုကို ဖိစီး နှိပ်စက်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်း ကားခြင်းမရှိစေရေး၊ အခြေခံလူ့အခွင့်အရေး များကို အာမခံမယ့် စစ်မှန်တဲ့ဒီမိုကရေစီ စနစ်ဖြစ်ပေါ်ရေး၊ နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာဟာ ပြည်သူလူထုထံမှ ဆင်းသက် တယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူ ခိုင်မြဲရေးတို့ အတွက် ဒီမိုကရေစီရဲ့ မောင်းနှင်အားဖြစ်ကြတဲ့ ပြည်သူလူထုအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှု စုပေါင်းအင်အားဖြင့် ရှေ့ခရီးဆက်ကြပါ"ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ပြည်သူလူထု၏ အသက်သွေးချွေးဘဝ များပေးဆပ်ပြီးမှ ခက်ခက် ခဲခဲရရှိလာသော ဒီမိုကရေစီအပင်ပေါက်လေးကို အညွန့်ချိုး မခံရရန် အားလုံးကဝိုင်းဝန်းပြုစုပျိုးထောင် စောင့်ရှောက်ကြစေလိုကြောင်း၊ ဒီမိုကရေစီရှင် သန်ရေးအတွက် နိုင်ငံသားအားလုံး ငေးငိုင် မနေကြရန်၊ အလစ်အငိုက်မမိကြရန် အရေး ကြီးကြောင်း၊ အင်န်အယ်လ်ဒီအစိုးရအနေ ဖြင့် ဆိတ်သုဉ်းခဲ့သည့်ဒီမိုကရေစီနှင့် ဆုံးရှုံး ခဲ့သော ဖက်ဒရယ် အခွင့်အရေးပြန်လည်ရရှိ ရန် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ပေါ်ပေါက်ရေးကို ဦးတည်ကြိုးပမ်း လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ဆက် လက်ပြောကြားသည်။
အတားအဆီး
ဒီမိုကရေစီမရှိသေးသည့် သို့မဟုတ် အပြည့်အဝမရသေးသည့်နိုင်ငံများတွင် လူမျိုး ရေးပြဿနာများနှင့် စိတ်ဝမ်းကွဲပြားမှုများ သည် ဒီမိုကရေစီရှန်သန်ရေးကို အတားအဆီး ဖြစ်စေသည်ကို သတိပြုရမည်ဟုလည်း နိုင်ငံ တော်သမ္မတက ပြောကြားခဲ့သည်။
















