လင်မယားရန်ဖြစ်ရာမှ ခင်ပွန်းကဇနီးကို ဓားဖြင့်ထိုးသတ်

လင်မယားရန်ဖြစ်ရာမှ ခင်ပွန်းကဇနီးကို ဓားဖြင့်ထိုးသတ်

ရွှေပေါက္ကံမြို့သစ်တွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ ခင်ပွန်းက ဇနီးသည်ကို ဓားဖြင့်ထိုးသတ်မှု စက်တင်ဘာ ၁၅ ရက်တွင် ဖြစ်ပွားခဲ့သည်။
 

အဆိုပါနေ့ ည ၈ နာရီ မိနစ် ၂၀ တွင် ရွှေပေါက္ကံမြို့သစ် ၂၁ ရပ်ကွက် ရှိနေအိမ်တစ်ခု၌ ခင်ပွန်းဖြစ်သူ အေးသွင်(ခ)အောင်လတ်(၄၀ နှစ်) သည် အရက်မူးကာ ၎င်း၏ဇနီးမအိအိမော်ကို လင်ငယ်နေသည်ဟု စွပ်စွဲရာမှ တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်ခဲ့သည်။

ထိုသို့စကားများစဉ် အေးသွင်(ခ)အောင်လတ်က မအိအိမော်ကိုအရိုးအသွားရှစ်လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် ထိုးသဖြင့် မအိအိမော်၏ ဝဲဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို အခန်းဘေးကပ်လျက်နေသူ ဒေါ်စန်းက ကြားသိသဖြင့် မအိအိမော်ကို မြောက်ဥက္ကလာပဆေးရုံသို့ပို့အပ်ခဲ့ပြီး ရာအိမ်မှူး ဦးထွန်းရီက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

ဒဏ်ရာရရှိသူ မအိအိမော်ကို ဆေးရုံသို့ပိုဆောင်ကုသစဉ် ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့သောကြောင့် ရွှေပေါက္ကံနယ်မြေရဲစခန်းက မူလဖွင့်လှစ်ထားသည့် (ပ)၈၄၅/၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူထားသည်။