ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌စက်တင်ဘာ ၁၇ ရက်(ယနေ့)၌ပြုလုပ်မည့် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့ကိုယ်စားလှယ်များ ဆွေးနွေးပွဲ အပေါ် ရလဒ်ကောင်းများရရှိရန် မျှော်လင့်ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။
"ကျွန်တော်တို့က အကောင်းမြင်ထားပါတယ်။ ဒီဆွေးနွေးပွဲမှာ ရလဒ်ကောင်းမယ် လို့လည်း ယုံကြည်ထားပါတယ်။ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ရဲ့ ဦးစားပေးလုပ်ငန်းစဉ် ပါ"ဟု ၎င်းက ပြောဆိုသည်။
ဆွေးနွေးကြမည်
နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကမူ ကျိုင်းတုံဆွေးနွေးပွဲတွင် ရလဒ်ကောင်းများမရရှိပါက ငြိမ်းချမ်းရေးအခြေအနေမှာ စိုးရိမ်စရာရှိကြောင်း သတင်း ထောက်များကို ပြောကြားထားသည်။ အစိုးရ၊ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ တအာင်း(TNLA)၊ ရခိုင် (AA)၊ ကိုးကန့် (MNDAA) တို့သည် ပဏာမအပစ် အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။
ခက်ခဲလာနိုင်
ယခုဆွေးနွေးပွဲ၌ ပဏာမအပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်လောက်သည် အထိ ရလဒ်ကောင်းမထွက်ခဲ့ပါက နောက်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ နီးကပ်လာ မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်ပေါ်ရန် ခက်ခဲလာနိုင်ကြောင်း အင်န်စီအေ လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မှတ်ချက်ပြုသည်။
ဦးဆောင်မည်
ကျိုင်းတုံဆွေးနွေးပွဲကို အစိုးရဘက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင် ့ငြိမ်းချမ်း ရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဦးဆောင်ကာ တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဦးဆောင်မည်ဖြစ်သည်။















