ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား

ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား

ထူးချွန်ထက်မြက်သူတစ်ယောက်အဖြစ်နဲ့ အရွယ်ရောက်လာဖို့ဆိုရင် ဘေဘီလေးကိုငယ်စဉ်ကတည်းက IQ ရော EQ ပါကောင်းအောင် ပျိုးထောင်ပေးဖို့ပါ။

ဒီလိုပြောလို့ ဒါတွေကိုပျိုးထောင်လို့ရလို့လားဆိုတော့ ရာနှုန်းပြည့်မဟုတ်ရင်တောင်  ထက်ဝက်ကျော်လောက်အထိတော့ ပျိုးထောင်ပေးလို့ရပါတယ်။

 ကလေးတစ်ယောက်ကိုငယ်စဉ်ကတည်းက စပြီး သေချာလေးပျိုးထောင်ပေးမှုက ကလေးအနာဂတ်အတွက်အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ 

ဒီတစ်ခေါက်တော့ ဘေဘီလေးကိုပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးအဖြစ် ကြီးပြင်းလာစေဖို့ ဘယ်လိုပျိုးထောင်ပေးရမလဲဆိုတာကို ပြောပြပေးပါရစေနော်။

ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်လာစေဖို့

ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးဖြစ်လာစေဖို့ဆိုရင် ဒီအချက်လေးတွေကိုငယ်စဉ်ကတည်းကပျိုးထောင်ပေးထားဖို့လိုပါမယ်။

အမှီအခိုကင်းပါစေ

ကလေးကိုငယ်စဉ်ကတည်းကသူ့ကိုယ်သူအားကိုးတတ်အောင်လေ့ကျင့်ပေးထားပါ။ ကလေးတစ်ယောက်အတွက် မသင့်တော်တဲ့ အနေအထားတွေကလွဲလို့ အချို့သောအခြေအနေတွေကိုကလေးကိုယ်တိုင်ဖြေရှင်းနိုင်စေဖို့ လေ့ကျင့်ပေးထားပါ။ 

ကလေးကိုလိုလေသေးမရှိလိုက်မလုပ်ပေးဘဲ ဘေးကနေလိုအပ်တာလေးတွေကိုပြုပြင်ပေးရုံလောက်ပဲလုပ်ပေးပါ။ အမှီအခိုကင်းမှု ဆက်ဆံရေးကောင်းစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ပျိုးထောင်ပါ

ကလေးကိုငယ်စဉ်ကတည်းကသူ့ကိုယ်သူယုံကြည်မှုရှိသူလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးပါ။ လှုပ်ရှားမှုတိုင်းဆုံးဖြတ်ချက်တိုင်းကိုသူ့စိတ်နဲ့သူလှုပ်ရှားတတ်စေဖို့ လေ့ကျင့်ပေးထားပါ။ ဒါမှ ကလေးကအရွယ်ရောက်လာလေလေကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာလေလေ ဖြစ်လာမှာပါ။

ကိုယ်ချင်းစာတတ်အောင် လေ့ကျင့်ပေးပါ

ကလေးတွေ အထူးသဖြင့် တစ်ယောက်တည်း မွေးထားတဲ့ ကလေးတွေဟာငယ်စဉ်ကတည်းကမျှဝေပေးရမယ့် မောင်နှမ မရှိတာကြောင့် အခြားသူတွေအပေါ်မှာကိုယ်ချင်းစာပေးတတ်တဲ့စိတ် နည်းတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးကိုငယ်စဉ်ကတည်းကကိုယ်ချင်းစာတတ်သူဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးပါ။

ကလေးရဲ့ ရင်ဖွင့်မှုကိုနားထောင်ပေးပါ

ကလေးကသူ့အတွေ့အကြုံ ဒါမှမဟုတ် အခက်အခဲတစ်ခုခုကိုပြောပြလာတဲ့အခါ အေးအေးဆေးဆေးနားထောင်ပေးပါ။ ဒီလိုနားထောင်ပေးတာကလည်းကလေးကိုအကောင်းဆုံးနားထောင်သူဖြစ်လာစေပြီးအခြားသူတွေရဲ့ ခံစားချက်ကို မျှဝေတတ်သူဖြစ်လာစေမှာပါ။ ဒီလိုမျှဝေတတ်မှုကပဲကလေးရဲ့ ပေါင်းသင်းဆက်ဆံရေး အရည်အသွေးကို မြှင့်တင်ပေးနိုင်မှာပါ။

ကိုယ်တိုင်က စံပြဖြစ်ပေးပါ

ဘေဘီလေးတွေရဲ့ လက်ဦးဆရာက မေမေဖေဖေပါ။ ဒါကြောင့် ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေးကောင်းစေချင်တယ်ဆိုရင် မိဘတွေကိုယ်တိုင်ကလည်း ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေဖြစ်ဖို့လိုပါမယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ယူပါ။

အသင်းအဖွဲ့နဲ့ ကစားတတ်အောင်လုပ်ပေးပါ

ကလေးကိုငယ်စဉ်ကတည်းကအသင်းအဖွဲ့နဲ့ ကစားရတဲ့ အားကစားတစ်ခုခုကိုပေးလုပ်တာကလည်းကလေးကိုစိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပြီးအသင်းအဖွဲ့စိတ်ဓာတ်ရှိအောင် ပျိုးထောင်ပေးနိုင်မှာပါ။ ဒါတွေအပြင် အများနဲ့ပြောဆိုဆက်ဆံရမှုကိုစိမ်းမနေစေဘဲကလေးကို ပေါင်းသင်းဆက်ဆံရေးကောင်းလာစေမှာပါ။

ကဲ…ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေးကောင်းသူလေးတစ်ဦးအဖြစ်ကြီးပြင်းလာအောင် ငယ်စဉ်ကတည်းက သေချာလေးပျိုးထောင်ပေးနိုင်ကြပါစေကြောင်း……………….



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021